ပေါင်းတည်ထွေအုပ်က ငွေပေးနိုင်သူတချို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးခန့်ဖို့ ပြင်ဆင်နေ

0 0
0 0

ပေါင်းတည်၊ နိုဝင်ဘာ ၁၄၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ရာထူးကနေဖယ်ရှားခံရမယ့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြန်ပြီးရွေးချယ်ရာမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နှစ်သက်သူတွေကိုပဲ ရွေးချယ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြန်ရွေးမယ့် အုပ်ချုပ်ရေးမှူးတွေကတော့ ပေါင်းတည်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဘွဲ့ပင်ကန်၊ အုပ်ဖို (၁)၊ ဈေး (၁)၊ မင်းကွက် (၁)၊ မင်းကွက် (၂)၊ နွယ်ချို (၁) နဲ့ နွယ်ချို (၂) ရပ်ကွက်တို့ဖြစ်ပြီး၊ ကျေးရွာအုပ်စုတွေထဲက ကြို့ကုန်း(မြေပြန့်)နဲ့ တောင်ဘို့လှအုပ်စု စတဲ့ (၉) နေရာက အုပ်ချုပ်ရေးမှူးတွေကို ပြန်ရွေးမှာဖြစ်ပါတယ်။

ပေါင်းတည်မြို့ပေါ် ၁၂ ရက်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုပေါင်း ၅၆ နေရာက အုပ်ချုပ်ရေးမှူး ၉ ဦးကိုသာ ထွေအုပ်ကတိုက်ရိုက်ရွေးချယ် ခန့်အပ်သွားမှာဖြစ်ပြီး ကျန်တဲ့ ၄၇ နေရာက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက မူလတာဝန်အတိုင်း ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့မကြိုက်တဲ့လူကို ဖြုတ်ပြီး ပြန်ရွေးမှာ။ အခုအုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်ကရွေးရမှာ မဟုတ်ဘူး။ ရပ်ကွက်က ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးပဲ ရွေးရမယ်။ မြို့နယ်ထွေအုပ်က ရာအိမ်မှူးတွေထဲကနေပြီး အုပ်ချူပ်ရေးမှူးကို ရွေးမှာတဲ့ ပါးစပ်ဟ ပေးထားတာပေါ့။ တယောက်က သိန်း ၅၀ ပေးရင် သိန်း ၇၀ ပိုပေးတဲ့သူက အုပ်ချုပ်ရေးမှူးဖြစ်မယ်ပေါ့။ လေလံပစ်တဲ့သဘော ပိုက်ဆံများများပေးတဲ့သူ အုပ်ချုပ်ရေးမှူးလုပ်စားခွင့်ရမယ် ဒါမျိုးက မဖြစ်သင့်ဘူးပေါ့” လို့ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရာထူးကဖယ်ရှားခံရမယ့် အုပ်ချုပ်ရေးမှူးတွေကို ပြည်သူက ရာအိမ်မှူးအဆင့်အထိ ပြန်ပြီးရွေးချယ်ခဲ့ရင်တောင် အုပ်ချုပ်ရေးမှူးဖြစ်လာမှာမဟုတ်ပဲ ရာအိမ်မှူးအနေနဲ့သာ ခန့်ထားသွားမှာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီအုပ်ချုပ်ရေးမှူးတွေကို ရာထူးကဖယ်ရှားတာနဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်တာဝန်မပေးတဲ့အပေါ် မြို့နယ်ထွေအုပ်တာဝန်ရှိသူတွေက ရှင်းလင်းအောင်ပြောဆိုတာမျိုးလည်း မရှိဘူးသလို လက်ရှိမှာ ပြန်လည်ခန့်အပ်မယ့် အုပ်ချုပ်ရေးမှူးနေရာအတွက် သက်ဆိုင်ရာနယ်မြေတွေမှာ အခုလဆန်းပိုင်းကစပြီး ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးရွေးချယ်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ရာမှာ အစဥ်အဆက်ကြီးကြပ်ရေးမှူးပြုလုပ်ခဲ့သူတဦးကလည်း အခုလိုအုပ်ချုပ်ရေးမှူးရွေးချယ်မှုမျိုး တခါမျှ မကြုံဖူးဘူးလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးရွေးပွဲမှာ ကြီးကြပ်ရေးမှူးလုပ်လာတာ အဲဒီပွဲတွေတုန်းက ဆယ်အိမ်မှူးကနေ အုပ်ချုပ်ရေးမှူးအထိ ရွေးပေးရတာ။ မြို့နယ်က အုပ်ချူပ်ရေးမှူးရွေးတယ်ဆိုတာမျိုးမရှိခဲ့ဘူး မရိုးသားဘူးလို့ မြင်တယ်။ သမ္မတဆိုတဲ့သူတောင် ရွေးကောက်ပွဲ မဝင်ပဲ ဖြစ်တာဆိုတော့ ဆယ်အိမ်မှူး ရာအိမ်မှူးရွေးတာကလည်း လုပ်ကွက်ပြတဲ့သဘောပဲ”လို့ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးမှာ တာဝန်ယူဖူးတဲ့ ကြီးကြပ်ရေးမှူးဟောင်းတဦးကပြောပါတယ်။

ဒါ့အပြင် တောင်ဘို့လှအုပ်စုမှာ ရာအိမ်မှူးအဖြစ်ရွေးချယ်ခံရတဲ့ တောင်ဘို့လှရွာမက ကြံ့ခိုင်ရေးအမာခံ ကိုဝင်းဇော်ဆိုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ကြံ့ခိုင်ရေးက ယူသွားပြီဖြစ်တဲ့အတွက် သူဟာ လက်ရှိမှာ အုပ်ချုပ်ရေးမှူးဖြစ်နေပြီဖြစ်ကြောင်း မြို့နယ်ကြံ့ခိုင်ရေးကလည်း အုပ်ချုပ်ရေးမှူးဖြစ်ပြီဖြစ်ကြောင်းကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ကျေးရွာအတွင်း လိုက်လံပြောဆိုကာ အသံဖိုင်တခုကိုဖွင့်ပြနေတဲ့အပေါ်လည်း ကျေးရွာလူထုကြားမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၁၆ ခုနှစ်က နောက်ဆုံးပြဌာန်းလိုက်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်မိရပ်ဖ (၅) ဦးပါဝင်တဲ့ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့ပေးရပြီး၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်အထက် အိမ်ထောင်စုကိုယ်စားလှယ်တွေက ဆယ်အိမ်မှူးကို ရွေးချယ်ကာ ဆယ်အိမ်မှူးတွေထဲကနေ ရာအိမ်မှူးတဦးကို ထပ်မံရွေးချယ်ပြီး အုပ်ချုပ်ရေးမှူးလောင်းအဖြစ်သတ်မှတ်ကာ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်ရတာ ဖြစ်ပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းမှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၅၆ စုရှိပြီး မြို့ပေါ် ၁၂ ရပ်ကွက်မှာသာ အုပ်ချုပ်ရေးမှူးအပြည့်ရှိပေမယ့် ကျေးရွာအုပ်စု ၄၄ အုပ်စုထဲက မြို့ပေါ်နဲ့ နီးတဲ့ မဲခေါင်း၊ ကြို့ပင်သာနဲ့ အဂ္ဂရာပြည့်အုပ်စုအပြင် တောင်ပေါ်ဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေဟာ တော်လှန်အင်အားစုတွေရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိတဲ့အပြင် ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ခဲ့ခြင်းမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း-သော်တာအောင်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။