ခင်ဦး၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာအနီး မူးမြစ်ကမ်းစပ်မှာ ရွှေကျင်နေတဲ့ အမျိုးသမီး ၂ ဦးကို စစ်သားတွေကပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ ယာတော်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မယမင်းသူနဲ့ အသက် ၃၅ နှစ်အရွယ် မဝါဝါမိုးတို့ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီခန့်မှာ ရေဦးတံတားအနီး မူးမြစ်ထဲမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
“သူတို့က ရေဦးတံတားနားမှာ အမျိုးသမီးနှစ်ယောက်က လက်မျောနဲရွှေကျင်နေတာ။ တွေက တံတားပေါက်ကနေ လာပစ်သွားတာ။ တယောက်ကနေရာတင်ပွဲချင်းပြီးသေတယ်။ တယောက်က ဆေးရုံရောက်မှ ဆုံးသွားတာ။ နှစ်ယောက်တည်းလုပ်နေကြတာ။ သူတို့က တွေတံတားပေါ် ရောက်လာတာမသိလိုက်တာ။ ခါတိုင်းလည်းမရှိဘူးဆိုတော့”လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်ခံရတာကြောင့် အမျိုးသမီး နှစ်ဦးရဲ့ ဝမ်းဗိုက်အပါအဝင် ခန္ဓာကိုယ်တွေမှာကျည်ထိမှန်ခဲ့ပြီး မယမင်းသူက နေရာတင်သေဆုံးခဲ့ကာ မဝါဝါမိုးကတော့ ရွာအနီးဆေးခန်းမှာ ဆေးကုသနေချိန် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၂ ဦးရဲ့အလောင်းတွေကို ယာတော်ရွာကို ပြန်သယ်လာကြပြီး နာရေးပြုလုပ်နေကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပုန်းဟုန်ရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၆ နိုဝင်ဘာ ၁၂ ရက်အထိ နွေဦးတော်လှန်ရေးကာလမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၈,၆၇၉ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။