⁨⁩ ⁨ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၈ ဦးနဲ့ ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်ကို ပြန်ဖမ်းမိထား

0 8
0 8

ပေါက်၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်းတနေရာမှာ ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ၈ ဦးနဲ့ ခေါ်ထုတ်သွားတဲ့ PDF ရဲဘော် ဖိုးသားတို့ကို ပြန်လည်ဖမ်းမိထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က ပေါက်နဲ့ ဆောမြို့နယ်ကြားက တနေရာမှာ ဖိုးသားအပါအဝင် စစ်သုံ့ပန်း ၂ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး စတင်ထွက်ပြေးတဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ စုစုပေါင်း ၉ ဦးကို ပြန်လည် ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

“လူတွေက တစုတည်းပြေးတာမဟုတ်ဘူး။ နှစ်ယောက်တတွဲ သုံးယောက်တတွဲ ပြေးကြတာ။ မနေ့ကတော့ ဖိုးသားကို မိတယ်။ ပစ်ခတ်မှုဖြစ်ပြီးမှ ပြန်ဖမ်းမိတာတွေလည်း ရှိတယ်။ အခုပြန်မိတဲ့အထဲမှာ ရာထူးအကြီးဆုံး ရဲတပ်ကြပ်တွေလည်း ပြန်မိတာရှိတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ထွက်ပြေးပြီး ပြန်လည်ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ဥပဒေနဲ့အညီ ပြစ်ဒဏ်ထပ်တိုး အရေးယူမှုတွေရှိလာနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ဖိုးသားဆိုသူကိုတော့ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ကျန်လွတ်မြောက်နေသူ ၅ ဦးကိုလည်း ပြန်လည်ဖမ်းဆီးရမိဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ချိတ်ဆက်ဆောင်ရွက် ပူးပေါင်းဖမ်းဆီးနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မနက်အစောပိုင်းမှာ ပေါက်တောင်ပိုင်းတနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ဦးကို အချုပ်တာဝန်ကျ တပ်ဖွဲ့ဝင်တဦးဖြစ်သူ ဖိုးသားဆိုသူမှ ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်သုံ့ပန်းတွေကို ခေါ်ထုတ်စဥ် တာဝန်ကျ တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးသွားသလို အဆိုပါ တပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ သေနတ် ၄ လက် ၊ ကျည် ၂၀၀ ကိုလည်း ယူဆောင်သွားရာ ဓားစာခံဖမ်းဆီးခံရတဲ့ ရဲဘော် ၃ ဦးကတော့ နေ့လည်ပိုင်းမှာပဲ လမ်းကသစ်ပင်မှာ ကြိုးတုပ်ထားလျက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လလောက်အတွင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့သိမ်းတိုက်ပွဲကနေ ဖမ်းလာတဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။