myaelatt athan

Sharing Information to the Local

သောကြာည ရာပြည့်ပွဲမှာ စူပါရေချမ်း အမှတ်နဲ့ရှုံးနိမ့် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ မတ် ၁၄၊ ၂၀၂၅။

မတ် ၁၄ ရက် ဒီနေ့ညမှာကျင်းပနေတဲ့ One Friday Fights ရဲ့ ပွဲစဉ် ၁၀၀ ပြည့်ပြိုင်ပွဲမှာ စူပါရေချမ်းဟာ ပြိုင်ဘက်ထိုင်းဖိုက်တာ ဆန်ဂါသစ် နဲ့ ကစ်ဘောက်ဆင် 140lb တန်းမှာ ဝိတ်ညှိထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ပွဲရဲ့ပထမအချီမှာ စူပါရေချမ်းက ဘယ်ခြေအနိမ့်ကန်နဲ့စခဲ့ပြီး ဆန်ဂါသစ်ကတော့ ဘယ်ညာ ကန်ချက်တွေနဲ့ ပြန်လည်တုံ့ပြန်ပါတယ်။ ပထမအချီဟာ အကဲခတ်ထိုးသတ်တာမျိုးရှိခဲ့ပြီး ဆန်ဂါသစ်တစ်ယောက် စူပါရေချမ်းရဲ့ကန်ခြေကို ဖမ်းဆွဲတာ၊ ခါးအောက်ကန်ချက်တွေကန်မိတာတွေ ဖြစ်ခဲ့ပါတယ်။ ဆန်ဂါသစ်က အောက်ခြေကန်ချက်နဲ့ လက်သီးတွဲလုံးတွေသုံးဖို့ကြိုးစားချိန် စူပါရေချမ်းက ရှောင်ပြီး ကစားခဲ့ပါတယ်။ သတိထားမိတာက ပြိုင်ဘက် ၂ ယောက်ဟာ လူကောင်ချင်းကွာဟပြီး ဆန်ဂါသစ်ရဲ့လက်သီးပါဝါဟာ အားပါပြင်းထန်ကာ စူပါရေချမ်းရဲ့မာဂုဏ်ကြောင့်တာ လဲမကျတာမျိုးတွေ့ရပါတယ်။

ဒုတိယအချီမှာတော့ စူပါရေချမ်းက အမြင့်ကန်ချက်တွေနဲ့စမ်းသပ်ခဲ့ပြီး ဆန်ဂါသစ်ပြန်လည်ထိုးသတ်ချိန် သေသေသပ်သပ်ရှောင်ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စူပါရေချမ်းရဲ့ ထိုးချက်ရရှိမှု ကောင်းကောင်းမရခဲ့ဘဲ ဆန်ဂါသစ်ရဲ့ဘော်ဒီတွဲလုံးတွေကသာ ထိရောက်ခဲ့ပါတယ်။ ဒုတိယအချီ ပြီးခါနီးမှာတော့ ဆန်ဂါသစ်ရဲ့ ညာဖြောင့်လက်သီးချက်မိပြီး စူပါရေချမ်း အမှတ်စဉ်ရေတွက်ခံရပြီး မူးဝေသွားတာတွေ့ရပေမယ့် နောက်မတွန့်ဘဲထိုးသတ်ခဲ့တာကြောင့် အပြန်အလှန်ထိုးချက်တွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ စူပါရေချမ်းရဲ့ကန်ချက် ခါးအောက်ပိုင်းကိုထိခဲ့သေးပြီး ခဏနားခဲ့ရကာ ဆန်ဂါသစ်ကတော့ ပထမအချီကထက် ဖွင့်ထိုးလာခဲ့ပါတယ်။

တတိယအချီမစတင်ခင်မှာ ဆန်ဂါသစ်ဟာ ပရိသတ်အားကိုယူရင်း မာန်တင်းခဲ့တာတွေ့ရပြီး ပွဲထိုးချိန်မှာလည်း ဖွင့်ပြီးလိုက်ထိုးလာကာ သူ့ရဲ့ထိုးချက် ကန်ချက်တွေထိရောက်ဖို့ အာရုံစိုက်ထားတာ တွေ့ရပါတယ်။ စူပါရေချမ်းကတော့ ဆန်ဂါသစ်ရဲ့လက်သီးချက်မထိအောင် အကွာအဝေးချိန်ကစားခဲ့ပြီး ကောင်တာပြန်ထိုးခဲ့ချိန် ခြေချော်ပြီး လက်သီးချက်မထိတာမျိုးလည်း ဖြစ်ခဲ့ပါသေးတယ်။ စူပါရေချမ်းအကွာအဝေးချိန်ထိုးနေရင်းကန်ခဲ့တဲ့ အမြင့်ကန်ချက် ၂ ချက်ကောင်းမွန်ထိရောက်ခဲ့ပြီး စူပါရေချမ်းရဲ့ထိုးချက်ကြောင့် ဆန်ဂါသစ်လဲကျသွားချိန် ဒိုင်က အမှတ်စဉ် ရေတွက်ချင်းမလုပ်ဘဲ ပွဲကိုပြန်တည်ပေးခဲ့တာလည်း တွေ့ရပါတယ်။ ထိုးသတ်နေရင်း ဆန်ဂါသစ် တံတောင်ရိုက်ချက်သုံးမိလို့ သတိပေးခံရပါသေးတယ်။

တတိယအချီပြီးဆုံးချိန်မှာ‌တော့ ဒိုင်ဆုံးဖြတ်ချက်ကိုခံယူခဲ့ရပြီး အမှတ်ပေးဒိုင် ၃ ဦးစလုံးက ဆန်ဂါသစ်ကို အနိုင်ပေးခဲ့ပါတယ်။ ဒီပွဲမှာ စူပါရေချမ်းရဲ့တုံ့ပြန်ပုံတွေကောင်းမွန်တာတွေ့ရပြီး သူ့အတွက် နယ်ပယ်သစ်မှာ နောက်မရွံ့တန်း ကြိုးစားအားထုတ်သွားတာ အသိအမှတ်ပြုစရာကောင်းပါတယ်။ ONE ကလည်း ဒါကို မြင်တွေ့မယ်၊ မှတ်သားသွားမယ်လို့ မျှော်လင့်ရပြီး ပွဲတိုင်း ဒီလိုစွမ်းဆောင်ရည်မျိုး ရရှိဖို့ မျှော်လင့်မိပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။