အောင်လံ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆။
မကွေးတိုင်း၊ အောင်လံမြို့နယ် အရှေ့မြောက်ခြမ်းရှိ PDF စခန်းနှစ်ခု ဗုံးကြဲခံရပြီး ၂ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာလ ၉ ရက် မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအတောအတွင်းမှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“တောထဲမှာရှိတဲ့ စခန်းတွေချခံရတာ။ ရဲဘော်တွေထိခိုက်ရှိတယ်။ ကျတဲ့အထဲ မြို့နယ်စခန်းလည်းပါတယ်။ ကျန်တာတွေက ရွာတွေနားကျပြီး ပြည်သူထိခိုက်တာမရှိဘူး”လို့ ဖြစ်စဥ်ကို သိထားတဲ့ အောင်လံမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးကြဲခံရချိန် အဆိုပါနေရာဝန်းကျင်တွေအနီးမှာ တိုက်ပွဲဖြစ်နေတာ စစ်ကြောင်းထိုးနေတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
ဗုံးကြဲမှုအတွင်း အောင်လံမြို့နယ်ပကဖ အဖွဲ့က အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရပြီး စခန်းအဆောက်အဦးပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အုတ်ရှစ်ကုန်း၊ ငါးရံ့ချောင်းနဲ့ သံကုတင်ရွာတွေအနီးဝန်းကျင်ကိုလည်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တာကြောင့် ဒေသခံပြည်သူအများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်က ချင်းနစ်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။