■ မော်တော်ပိုင်ရှင် အမျိုးသား ၁ ဦး သေဆုံး
ဘုတလင်၊ အောက်တိုဘာ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေစာရေးရွာက ဇက်ဆိပ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ မော်တော်ပိုင်ရှင် အမျိုးသား ၁ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃ စီးနဲ့ ကုန်တင်ကားတွေနဲ့ မော်တော်တွေပေါ်ကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေစာရေးဇက်ဆိပ်မှာ ကမ်းကပ်ထားတဲ့ မြတ်နိုးထွန်းမော်တော်ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ရပြီး ချက်ချင်းဆိပ်ကမ်းက ထွက်ခွါသွားခဲ့တာလို့ ပြောပါတယ်။
“မော်တော်ပေါ် အရင်ကျတာဗျ၊ မော်တော်ပေါ် အရင်ကျတော့ ရုတ်ရုတ်သဲသဲဖြစ်တော့ မော်တော်တွေက တခါတည်း မောင်းသွားတာ၊ မော်တော်ပေါ်ကျပြီး နည်းနည်းကြာတော့ ကားတွေပေါ် ထပ်ကျတာ၊ ကားပေါ်ထပ်ကျပြီး လူထိပြီးတော့ သူတို့ကလည်း တခါတည်း တန်းခွါသွားတာ။” လို့ ရွှေစာရေးရွာခံတဦးက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်လာတဲ့ မြတ်နိုးထွန်း မော်တော်အပြင် ကုန်သယ်ယူဖို့လာတဲ့ ၆ ဘီးကား ၁ စီးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါနေရာဟာ ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။