စစ်ကိုင်း၊ အောက်တိုဘာ ၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အိုင်းဓမ္မကျေးရွာမှာ ဆားတောင်မိုးကြိုး အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံရတယ်လို့ ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာလ (၅) ရက်နေ့ နေ့လည် (၂) နာရီကျော်ခန့်မှာ အဖွဲ့ခေါင်းဆောင်မိုးကြိုးဟာ ကျေးရွာအတွင်းရှိ စတားလင့်ဆိုင်မှာ ရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက သူကိုလာရောက်ဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“သူကိုဖမ်းဝရမ်းထုတ်ထားတယ်လို့တော့ သိရတယ်။ NUG အစိုးရစစ်ဌာနဘက်ကထုတ်ထားတာရှိတယ်။ ဝင်ဖမ်းတာကို ပြန်ပစ်ရာက နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးသေတာလို့တော့ သိရတယ်။” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် လာရောက်ပစ်ခတ်တဲ့ အဖွဲ့ဘက်က ပြန်ထွက်သွားပြီး အလောင်းကိုတော့ ကျေးရွာကနေ သင်္ဂြုဟ် လိုက်ကြကာ စစ်တပ်ဘက်ကိုဘက်ပြောင်းသွားတဲ့ ဆားတောင်မိုးကြိုးအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်မိုးကြိုးက လိုက်ပါမသွားဘဲ ကျန်ရစ်ခဲ့တာလို့ ကနဦးသိရပါတယ်။
အဲဒီ ပစ်ခတ်ဖမ်းဆီးမှုကိုပြုလုပ်ခဲ့တာက စစ်ကိုင်းမြို့နယ်ပလဖနဲ့ ပကဖ ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့တာလို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်ဖမ်းဆီးမှုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေဘက်ကလည်း ယနေ့ အောက်တိုဘာလ (၆) ရက်နေ့အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့စက်တင်ဘာလ (၂၂) ရက်နေ့က ဆားတောင်အခြေစိုက် ဂျိမ်းစိုးဦးဆောင်တဲ့ LPDF အဖွဲ့နဲ့ ဆားတောင်မိုးကြိုး LPDF အဖွဲ့က တပ်ဖွဲ့ဝင် အမျိုးသား (၂၉) ဦး၊ အမျိုးသမီး (၃) ဦး၊ မိသားစုဝင် (၆) ဦး စုစုပေါင်း (၃၈) ဦး ဟာ လက်နက်မျိုးစုံ (၁၃) လက်၊ ခဲယမ်းတွေနဲ့အတူ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး