မင်းတုန်း၊ စက်တင်ဘာ ၁၅၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်း ရခိုင်ရိုးမအနီးရှိ ဇွန်ကျကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေဆီက သိရပါတယ်။
စက်တက်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ သရက် ကပစ ၁၂ ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာထဲကို ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။


“ဗုံးတွေက ရွာအဝန်းအဝိုင်းထဲကို ကြဲချတာ။ လမ်းပေါ်ကျတာ၊ နေအိမ်အနီးအနားကျတာ၊ ဘုန်းကြီးကျောင်းတကျောင်းနားကျတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲနဲ့လည်းဝေးတဲ့နေရာပါ။ သက်သက်ကိုဗုံးလာကြဲတာ။ ထိခိုက်သေဆုံးသူတွေက ရွာမှာပဲရှိနေချိန်ထိတာ။ ကလေးတွေပြေးလွှားဆော့ကစားနေချိန်ထိတာ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၁၀ နှစ်အရွယ် မငုဝါလှိုင်၊ အသက် ၁၁ နှစ်အရွယ် မထက်သဇင်လှိုင်၊ အသက် ၁၅ နှစ်အရွယ် မောင်ကောင်းထက်ကျော်၊ အသက် ၁၇ နှစ်အရွယ် မခင်ဝေဇင်မိုး၊ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်ဝင်း၊ အသက် ၇၀ အရွယ် ဒေါ်ပစာတို့ သေဆုံးခဲ့ပါတယ်။


ဒါ့အပြင် အသက် ၁၀ နှစ်ကနေ ၂၃ နှစ်အရွယ်အကြားရှိ မမာလာ၊ မောင်မင်းထက်ဦး၊ မောင်ချစ်မဝ၊ မမြမှုးမေ၊ မ သင်းသင်းလှိုင်တို့ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ ကျေးရွာဟာ အိမ်ခြေ ၃၀ ကျော်ခန့်သာရှိတဲ့ ကျေးရွာဖြစ်ပြီး ဗုံးကြဲခံရပြီးနောက်ပိုင်း ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။။


စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာထိပ် တံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။