တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆို

0 12
0 12

မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၆။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ကို PDF ၂၄ ဦး အလင်းဝင်လာတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့ရာ သာယာဝတီခရိုင်ထဲက PDF တပ်ဖွဲ့ဝင်အချို့ပါတယ်လို့ မြေပြင်အခြေနေကိုသိရှိထားသူ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စက်တင်ဘာလ (၂) ရက်နေ့ထုတ်ပြန်ချက်အရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမမှာ PDF အတွင်းရောက်ရှိနေသူတွေ ဥပဒဘောင်အတွင်းပြန်လည်ဝင်ရောက်လာမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦး တို့ဟာ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်နဲ့ လက်လုပ်သေနတ်နှစ်လက်တို့အပြင် ၄၀ မမ ဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနဲ့ ကျည်မျိုးစုံ ၂၆၁ တောင့်ပါလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ သာယာဝတီခရိုင်အတွင်းက ရဲဘော်တွေလည်းပါဝင်ပြီး လက်နက်တွေလည်း ယူဆောင်သွားကြတာ မှန်ကန်တယ်လို့ အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကိုယ်တွေဘက်ကာ ပါသွားတာက သေနတ် ၆ လက်ပါသွားတယ်။ သာယာဝတီခရိုင်ထဲက ရဲဘော်တွေလည်းပါတယ်။ ပြည်ခရိုင်ဘက်ကလည်းပြေးကြတယ်။ ဂန်းပါ မပါတော့ မသိဘူး။ သာယာဝတီခရိုင်ဘက်ကပြေးတဲ့အထဲ အဲဒါတွေပါတယ်။ “ လို့ မြေပြင်အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တွေထဲက စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ အရင်ကတည်းက စစ်တပ်နဲပတ်သက်တဲ့သူတွေက PDF တပ်တွေထဲ ထောက်လှမ်းဖို့ရောက်လာသူတွေ၊ PDF ခေါင်းဆောင်ပိုင်းအချို့အားနည်းချက်တွေကြောင့်လည်း ဘက်ပြောင်းသွားသူတွေများလာတယ်လို့ ဆိုပါတယ်။

” ခ–နဲ့ထူးမခြားနား ခ– တွေလို အုပ်ချုပ်မှုပိုင်းမှာ ဘက်လိုက်မှုတွေဖြစ်လာတဲ့အခါ ဥပမာ ပစ်ဒဏ်ပေးရင် ဝမ်းလျားမှောက်ရိုက်တာ၊ ကြိမ်ဒဏ်ပေးတာ၊ မချိမဆံရိုက်တာ၊ နှိပ်စက်တာ၊ အဲဒီဒဏ်တွေကို မခံနိုင်လို့ပြေးကြတာပါတယ်။ တော်လှန်ရေးလာလုပ်ကြတာ။ ခ—ဘက်နဲ့ထူးမခြားနား ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကြောင့်ပါတယ်” လို့ အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်ကဆက် ပြောပါတယ်။

စစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထွက်ပြေးသွားတဲ့ သာယာဝတီခရိုင်တပ်ရင်း တခုက ရဲဘော် ဂျိမ်း(ခ)ဝေလင်းအောင်၊ ရဲဘော်မောင်းပြန်တို့ ပါဝင်ပြီး သူတို့ ၂ ဦးထွက်​ပြေးချိန် သေနတ်တစ်လက်နဲ့ အီနာဂါနဲ့ မိုင်းတွေ ပါသွားတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးကနေ စစ်တပ်ကို သတင်းပေးမှုတွေကြောင့် ကြို့ပင်ကောက်နဲ့ နတ်တလင်းအတွင်းက PDF တွေနဲ့ဆက်စပ်သူ အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး တလအတွင်းဖမ်းဆီးခံရပြီး အများအပြားထွက်ပြေးနေကြရသလို PDF စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက် ဘက်ပြောင်းလိုသူတွေ ထွကိပြေးမှုတွေလည်း ရှိနေလို့ သက်ဆိုင်ရာတပ်ရင်းတွေက လိုက်လံဖမ်းဆီးပြီး ပြန်လည်ထိန်းသိမ်းထားရတဲ့ဖြစ်ရပ်တွေလည်းရှိတယ်လိူ့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။