⁩ ⁨တချိန်က အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ် တရုတ်သူဌေးကြီး လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရ

0 1
0 1

မြေလတ်အသံ၊ ဩဂုတ် ၂၀၊ ၂၀၂၆။

တချိန်က အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံအထိ ရှိခဲ့ဖူးသူ China Evergrande Group ထူထောင်သူ ဟွေ့ကာယန်ကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုတွေနဲ့ ဘဏ္ဍာရေး အချက်အလက် အတုပြုလုပ်မှု အပါအဝင် ပြစ်မှုပေါင်းများစွာနဲ့ တရုတ်တရားရုံးက ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ပါတယ်။

တရုတ်နိုင်ငံ အိမ်ခြံမြေကဏ္ဍရဲ့ ထိပ်ဆုံးရောက်ခဲ့ရာကနေ ပျက်စီးယိုယွင်းသွားမှုရဲ့ သင်္ကေတ တခုဖြစ်လာသူ ဟွေ့ကာယန်ကို ရှန်ဇန်းမြို့ တရားရုံးက အမိန့်ချခဲ့တာပါ။

တရားရုံးက ဟွေ့ကာယန်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်း အမိန့်ပေးခဲ့သလို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခဲ့ပြီး သီးခြားကုမ္ပဏီခွဲကိုလည်း ယွမ် ၇ ဘီလီယံ ဒဏ်ရိုက်ခဲ့ပါတယ်။

ဟွေ့ကာယန်နဲ့ သူ့ရဲ့ ကုမ္ပဏီတွေဟာ စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုတွေ ဖြစ်စေခဲ့တာကြောင့် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်ရတာလို့ တရားရုံးက ပြောပါတယ်။

တချိန်က အရောင်းရဆုံး အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်ခဲ့တဲ့ China Evergrande Group ဟာ ၂၀၂၁ ခု နှစ်ဝန်းကျင်မှာ စီးပွားရေး အကျပ်အတည်း စတင်ကြုံတွေ့ခဲ့ရတာပါ။

China Evergrande Group ဟာ ချေးငွေ အတိုးမဆပ်နိုင်ခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို ထိတ်လန့်စေခဲ့ပြီး တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတခုလုံး ဘဏ္ဍာရေးအခြေအနေ ထိခိုက်လာမယ့်စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။

နောက်ပိုင်းမှာ China Evergrande Group ဟာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ ချေးငွေလုပ်ငန်းတွေဆီကသာမက ဝန်ထမ်းတွေဆီကပါ ချေးငွေတွေ အလွန်အမင်း ရယူကာ စီးပွားရေး ချဲ့ထွင်ခဲ့တာ ပေါ်ပေါက်လာခဲ့ပြီးနောက် တရုတ်အစိုးရက စုံစမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာ China Evergrande Group ဟာ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် တင်ရှိနေတဲ့ ကြွေးမြီတွေကို ပြန်ဆပ်ဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ဘဲ ဟောင်ကောင်တရားရုံးက ကုမ္ပဏီကို ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ဟောင်ကောင် စတော့အိတ်ချိန်းမှာ စာရင်းဝင် China Evergrande Group ရဲ့ စတော့ရှယ်ယာ အရောင်းအဝယ်တွေကို ကာလရှည်ကြာ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ စတော့အိတ်ချိန်းကနေ တရားဝင် ပယ်ဖျက်ခံခဲ့ရပါတယ်။

ရှန်ဇန်းတရားရုံးက ယင်းဖြစ်စဉ်နဲ့ ပတ်သက်နေတဲ့ အခြားပုဂ္ဂိုလ် ၅၆ ဦးကိုလည်း လိမ်လည်မှု၊ အများပြည်သူထံမှ တရားမဝင် ရန်ပုံငွေ ကောက်ခံမှု အပါအဝင် ပြစ်မှုအသီးသီးနဲ့ ထောင်ဒဏ် ၂၂ လ ကနေ ၁၈ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

News & Photo: Forbes

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။