⁨⁩ ⁨ကောလင်းမှာ ရေကြီးလို့ ၅ ဦးသေဆုံးပြီး စစ်ရှောင်တဲတွေ အပါအဝင် အိမ်​ခြေ ၁၀၀၀ ကျော်ပျက်စီး

0 7
0 7

ကောလင်း၊ ဩဂုတ် ၁၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှာ ရေကြီးပြီးနောက် လူ ၅ ဦး သေဆုံးထားပြီး စစ်ရှောင်တဲတွေအပါအဝင် အိမ်​ခြေ ၁၀၀၀ ကျော်ပျက်စီးထားတယ်လို့ ကောလင်းခရိုင် ပအဖ တာဝန်ခံထံက သိရပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ကစတင်ပြီး မူးမြစ်ရေကြီးလို့ ကျေးရွာပေါင်း ၁၀၀ ခန့်ရေကြီးမှုဖြစ်ခဲ့ပြီးနောက် နေအိမ်နဲ့ စစ်ရှောင်တဲတွေ ပျက်စီးခဲ့သလို ရေစီးနဲ့မျောပါလို့ လူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း အသက် ၃၀ ကနေ ၅၀ ကြားရှိ တောင်မော်ကျေးရွာက CDM ကျောင်းဆရာတဦး၊ နတ်တောင်ကျေးရွာက အမျိုးသားတဦး၊ လှည်းပွဲကျေးရွာက ဦးထွန်းနိုင်၊ အင်ပင်သာကျေးရွာက အမျိုးသားတဦး၊ ဝါးရုံခုံကျေးရွာက ကိုဂျပန်တို့ဖြစ်ပြီး သူတို့အလောင်းတွေကို ပြန်လည်ဆယ်ယူခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ၅၉ ဦးရှိတယ်လို့ သိရပါတယ်။

ပုံစာ – ကောလင်းမြို့နယ်၊ အောက်ကလုံးကျေးရွာရေနစ်မြုပ်နေမှု အခြေအနေ

“စစ်ဘေးရှောင်တဲတွေနဲ့ ရေအရမ်းကြီးထိုးတဲ့နေရာ၊ အရှေ့ခြမ်း တောင်မော်၊ လှည်းပွဲတလျောက်နဲ့ အနောက်ခြမ်း အောက်ကလုန်း၊ မိုးနှံ၊ နတ်တောင်တကြော အပျက်အစီးများတယ်။ လူသေဆုံးတာလဲ စာရင်းရထားတာ ၅ ယောက်ရှိပြီး”လို့ ကောလင်းခရိုင် ပအဖတာဝန်ခံ ကိုမျိူးဇော်အောင်က ပြော​ပါတယ်။

ရေကြီးလို့ အိုးအိမ်ပျက်စီးသွားသူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ လိုအပ်ချက်များစွာရှိနေပြီး အခြေခံစားဝတ်နေရေးကိစ္စ၊ နေစရာ၊ ရေဘေးနောက်ဆက်တွဲ ဝမ်းရောဂါအပါအဝင် ကျန်းမာရေးပြသနာတွေမရှိအောင် ကုသရေးစတဲ့ လိုအပ်ချက်တွေရှိနေတယ်လို့ ဆို​ပါတယ်။

ဒါ့အပြင် ကူညီနိုင်ဖို့ ငွေကြေးမရှိသလို ငွေကြေးရှိခဲ့ရင်တောင် ရေဘေးကြောင့်လမ်းပန်းဆက်သွယ်ရေးတွေလည်း ပျက်စီးနေပြီး၊ ကုန်စည်လမ်းကြောင်း ပြတ်တောက်နေလို့ ဆေးဝါး၊ အခြေခံစားသောက်ကုန်တွေကအစ ဝယ်ယူရ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့မှာ ကျေးရွာအများစုရေပြန်ကျနေပေမယ့် မြို့နယ်အနောက်ခြမ်းကျေးရွာတွေမှာတော့ မြစ်ရေထောက်နေသေးတာကြောင့် ကြို့ပင်၊ မူးတိန်၊ သရက်ချင်ကျေးရွာတွေမှာတော့ ရေပြန်မကျသေးဘူးလို့ ဆိုပါတယ်။

ပုံစာ – ကောလင်းမြို့နယ်၊ အောက်ကလုံးကျေးရွာရေနစ်မြုပ်နေမှု အခြေအနေ

ရေကြီးမှုကြောင့် တောင်မော်၊ လှည်းပွဲ၊ အောက်ကလုန်း၊ မိုးနှံနဲ့ နတ်တောင်ကျေးရွာတွေ အပါအဝင် ကျေးရွာ ၂၀ ကျော်လောက်က စစ်ရှောင်တဲနဲ့ အိမ်ခြေ ၁၀၀၀ ခန့်ပျက်စီးထားတယ်လို့ သိရပါတယ်။

ကျေးရွာအချို့ ရေပြန်ကျနေပေမယ့် အပျက်အစီးနဲ့ နေအိမ်တွေပေါ်မှာကျန်ရစ်နေတဲ့ နုန်းအနည်အနှစ်တွေကို မရှင်းလင်းနိုင်သေးလို့ ရေဘေးသင့်ပြည်သူ ၆၀၀၀၀ ကျော်ထဲက အများစုက နေအိမ်တွေမှာ ပြန်နေထိုင်လို့ မရသေးဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။