⁩ ⁨တန့်ဆည်နဲ့ ကန့်ဘလူဘက်မှာ မူးမြစ်နဲ့ စည်တုံလုံးချောင်း ရေလျှံလို့ ကျေးရွာ ၄၀ ကျော်မှာရေကြီးနေ

0 37
0 37

တန့်ဆည်၊ ဩဂုတ် ၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ကန့်ဘလူမြို့နယ်ကြားရှိ စည်တုံလုံးချောင်းနဲ့ မူးမြစ် ရေလျှံလို့ ကျေးရွာ ၄၀ ကျော်ရေကြီးနေတယ်လို့ တန့်ဆည်မြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ချောင်းရေမြင့်တက်လာသလို သဖန်းဆိပ်ဆည်မှာလည်း ရေလျှံပြီး ရေကျော်ကျလာတာတွေကြောင့် ချောင်းနဲ့ မြစ်ကမ်းနဘေးရှိ ကျေးရွာတွေကို ရေဝင်လာတာလို့ ဆိုပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာအတွင်း ဩဂုတ်လ ၆ ရက်နေ့မနက်ပိုင်း ရေနစ်မြုပ်နေမှုအား မြင်တွေ့ရစဉ်

“တံတားနှစ်စင်း ကျိူးထားတာရှိတယ်။ လယ်ကြားကုန်းကြားမှာနေတဲ့ လယ်စောင့်တဲတွေမှာနေတဲ့ စစ်ဘေးရှောင်နေရာတွေလည်း ရွှေ့ထားရတယ်။ ရေတွေက သုံးလေးပေလော​က် တက်နေတာရှိတယ်။ အိမ်ထဲဝင်တဲ့အဆင့် အိမ်ယာတွေ ရွှေ့ပြောင်းထားရတာ ရှိတယ်။” လို့ တန့်ဆည်မြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်တလောမှာတော့ ရေကြီးတာက နေအိမ်တွေနစ်မြုပ်တဲ့ အခြေနေထိမရှိသေးပေမယ့် မိုးကလည်း အဆက်မပြတ် ရွာသွန်းနေတာကြောင့် ဆက်လက်စောင့်ကြည့်ရမယ့်အခြေနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာအတွင်း ဩဂုတ်လ ၆ ရက်နေ့မနက်ပိုင်း ရေနစ်မြုပ်နေမှုအား မြင်တွေ့ရစဉ်

မြစ်ရေကြီးတာကြောင့် ဩဂုတ်လ ၆ ရက်နေ့မနက်မှာ တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ကျေးရွာက မူးမြစ်ကူး တံတားတစင်း၊ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနဲ့ ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားက မူးမြစ်ကူးတံတားတို့ ရေစီးနဲ့ မျောပါ ပျက်စီးသွားပါတယ်။

ရေကြီးလို့ တန့်ဆည်မြို့နယ်၊ ကပျု၊ သာခေါင်ကြီး၊ ဝက်သိုးရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော် ကုန့်မြင့်ပိုင်းတွေကို ရွှေ့ပြောင်းထားရပြီး၊ အခြားကျေးရွာနေ ပြည်သူတွေကတော့ နေအိမ်တွေထဲ ရေဝင်နေပေမယ့် အရေးပေါ်ရွှေ့ပြောင်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာအတွင်း ဩဂုတ်လ ၆ ရက်နေ့မနက်ပိုင်း ရေနစ်မြုပ်နေမှုအား မြင်တွေ့ရစဉ်

ရေကြီးနေလို့ တန့်ဆည်နယ်ထဲက ကပျု၊ သာခေါင်ကြီး၊ ဝက်သိုး၊ အောင်သုခ၊ ဥာဏ်သာ၊ ရသစ်၊ ငတန်း၊ သာစည်ကုန်း၊ ရွှေလှံနဲ့ မူးခွကျေးရွာတွေနဲ့ ကန့်ဘလူမြို့နယ်ထဲက ကံရိုး၊ မိုးကောင်း၊ မူးကျင်းစု စတဲ့ကျေးရွာတွေ အပါအဝင် မူးမြစ်ကမ်းနဘေးကျေးရွာ ၄၀ ကျော်လောက်မှာ ရေကြီးနေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။