ဝက်လက်၊ သြဂုတ် ၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက PDF စိုးမိုးနယ်မြေထဲမှာ ဩဂုတ်လ ၁ ရက် ယမန်နေ့ ညသန်းခေါင်ကျော်က ဓါးပြတိုက်၊ လူသတ်မှုတခု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
PDF တပ်ဖွဲတွေ စိုးမိုးထားတဲ့ ဝက်လက်မြို့နယ်ထဲက မုဆိုးခြုံရွာမကျေးရွာက အသက် ၆၀ နှစ်ဝန်းကျင် ဦးဇော်ထွန်းနဲ့ ဒေါ်မာမာတို့အိမ်ကို ဆိုင်ကယ် ၂ စီးနဲ့ မျက်နှာဖုံးစွပ် လူ ၆ ဦး လာရောက်ဓါးပြတိုက်ကာ အိမ်ရှင်အမျိုးသားကိုသတ်ပြီး ငွေကျပ် သိန်း ၂၅၀နဲ့ ဖုန်း ၄ လုံး ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
“လင်မယား ၂ ယောက်လုံးကို လက်ပြန်ကြိုးတုပ်ပြီး ယောင်္ကျားကို နားထင်သေနတ်နဲ့ တေ့ပစ်သတ်သွားတာ။ အမျိုးသမီးကိုတော့ ဘာမှမလုပ်တော့ သူ့ဟာသူ လက်ကကြိုးကိုဖြေပြီး အမျိုးတွေကို လိုက်ခေါ်ရတာ။ ပါသွားတဲ့ ပိုက်ဆံတွေက စပါးရောင်းထားတဲ့ငွေလို့ သိရတယ်။ ဒီဖြစ်စဥ်မှာ လူရင်းထဲက ပါနိုင်ပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အခင်းဖြစ်ပွါးရာနေအိမ်ကို ဝက်လက်မြို့နယ် ပကဖတွေ လာရောက်စစ်ဆေးပြီး၊ ကျည်ဆံခွံတွေကို သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။
“အဓိက က သေချာမကွပ်ကဲနိုင်တာလည်း ပါတယ်။ ပလဖတို့ တရားရေးဌာနတို့ကလည်း ပြည်သူယုံအောင် မှန်ကန်တဲ့ တရားရေးဆုံးဖြတ်မှုတွေ အားနည်းလို့ ဖြစ်ရတာပါ။ ဒေသတွင်းမှာ ဆိုင်ကယ်ပျောက်မှုတွေ အမှုမှန်မပေါ်သလို ဘယ်အဖွဲ့ကပဲလုပ်လုပ် ထိရောက်တဲ့ ပစ်ဒဏ်ပေးတာမျိုး လုပ်မယ်ဆိုရင် အခုလို အမှုမျိုးတွေ မရှိနိုင်ဘူး” လို့ အဲဒီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
မုဆိုးခြုံရွာမရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာဖြစ်ပြီး အဲဒီရွာနဲ့ ၃ မိုင်အကွာမှာတော့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဟန်လင်းရွာရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၃ ရက်ညကလည်းဝက်လက်မြို့နယ် လှတောကျေးရွာရှိ နေအိမ်တအိမ်မှာလည်း ဓါးပြတိုက် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူသတ်ဓားပြတိုက်ခံရသည့် မုဆိုးခြုံရွာမကျေးရွာ ဆိုင်းဘုတ်