ချောင်းဦး၊ ဩဂုတ် ၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာထဲကိုရောက်နေတဲ့ ပအဖတာဝန်ခံအပါ ၃ ဦးကို စစ်ကော်မရှင်တပ်တွေကပစ်သတ်ခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ အသက် ၂၅ နှစ်ကနေ ၃၀ ကြားရှိ ခင်မွန်ကျေးရွာပအဖတာဝန်ခံနဲ့ စစ်ကော်မရှင်တပ်ရဲ့ သတင်းတွေကိုထောက်လှမ်းပေးတဲ့ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီကျော်မှာ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ရွာထဲ သူတို့အသိအိမ်မှာရှိနေချိန် ဝင်စီးခံရတာ။ အိမ်စီးကားနဲ့ရောက်လာပြီး ပစ်ခတ်တာ။ အရပ်ဝတ်တွေနဲ့ပဲ။ သတင်းပေးရှိလို့ပဲ ရဲဘော်တွေရောက်နေတာကိုသိပြီး လာပစ်သွားတာ”လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ၃ ဦးစလုံးမှာ နေရာမှာတင်သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ စစ်ကော်မရှင်တပ်တွေ ထွက်သွားပြီးနောက် ရွာခံတွေနဲ့ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က ကောက်ယူသင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
ခင်မွန်ကျေးရွာဟာ စစ်ကော်မရှင်အဖွဲ့တွေရော တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါ ဝင်ထွက်သွားလာနေတဲ့ ကျေးရွာဖြစ်ပြီး နှစ်ဘက်စလုံးက ကျေးရွာထဲအထိုင်ချနေထိုင်တာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ကျေးရွာထဲကင်းပုန်းဝပ်နေချိန် PDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာလို့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အလောင်း ၃လောင်း၊ AK ကျည် ၂၈ တောင့်၊ လက်ပစ်ဗုံး ၂လုံး ၊ TYT စကားပြောစက်တို့ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပေမယ့် အဆိုပါပစ္စည်းတွေဟာ ကျဆုံးသူတွေရဲ့ ပစ္စည်းတွေ ဟုတ် မဟုတ်ကတော့ အတည်မပြုနိုင်သေးဘဲ အလောင်းတွေကတော့ မှန်ကန်ကြောင်း အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနဲ့ကန်ပြားကျေးရွာကြားရှိ PDF စခန်းတခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရကာ ပစ္စည်းအချို့ဆုံးရှုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။