ယင်းမာပင်၊ ဇူလိုင် ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတွေ ထွက်ပြေးသွားချိန် ဆန်၊ ဆီစတဲ့ စားနပ်ရိက္ခာတွေ ခိုးယူသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက ယင်းမာပင်မြို့နဲ့ ပုလဲမြို့ အသီးသီးက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်း ၂ ခုဟာ ယင်းမာပင်မြို့နယ် သရက်ကန်ရွာမှာ ပေါင်းပြီး ကျေးရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားကြတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့က သရက်ကန်(ရွာ)ကို တခါမကတော့ဘူးဗျ။ လည်ငေါက်(ရွာ)မှာ ယာယီတပ်စွဲကတည်းက ခိုးနေတာ၊ ပြည်သူပိုင် ဆန်၊ ဆီ စတဲ့ ရိက္ခာတွေ ခိုးနေကြတာပါ၊ ကား ၂ စီးနဲ့ ပစ္စည်း ခိုးနေကြတာ” လို့ သရက်ကန် ဒေသခံသတင်းရင်းမြစ်တခုက ဆိုပါတယ်။
ပုလဲမြို့ကနေ အင်အား ၅၀ ပါ နောက်ထပ် စစ်ကြောင်းတခုကလည်း ပုလဲမြို့နယ်၊ ချောင်းကန်ရွာကို ဒီမနက်မှာပဲ ဝင်ရောက်ခဲ့ပြီး FAW ကားနဲ့ ပစ္စည်းတွေ သယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းကန်ကျေးရွာ ပြည်သူတဦးကလည်း “အဲဒီ(ချောင်းကန်) စစ်ကြောင်းကလည်း ပစ္စည်းတွေ ခိုးယူနေကြတယ်။ ချောင်းကန်ရွာက ပြည်သူပိုင်ပစ္စည်းတွေလည်း သူတို့ခဏခဏ လာလာခိုးတာနဲ့ ကုန်ခါနီးနေပြီ။” လို့ ပြောပါတယ်။
စစ်ကော်မရှင်တပ်က သူတို့ မစိုးမိုးနိုင်သေးတဲ့ ယင်းမာပင်-ပုလဲ လမ်းပိုင်းကို စစ်ကြောင်းမကြာခဏထိုးတာ၊ ရွာမီးရှို့တာ၊ စစ်တပ်အထိုင်ချတဲ့ မြို့တွေကနေ ကျေးရွာတွေပေါ်မှာ ကင်းထောက်ဒရုန်းတွေနဲ့ လှည့်လည်ကြည့်ရှုတာတွေပြုလုပ်ပြီး စိုးမိုးမှုရဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။