2 July 2026 1:56 PM

⁨ ⁨မကွေးနဲ့ ချင်းနယ်စပ် တိုက်ပွဲတွေအတွင်း စစ်သားရာချီသေဆုံး လက်နက် အများအပြားသိမ်းဆည်းရမိထားကြောင်း CPA ထုတ်ပြန်

0 3
0 3

မင်းတပ်၊ ဇူလိုင် ၂၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပလက်မြို့နယ်အစပ်တွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်သား ရာချီသေဆုံးကာ၊ အရှင်ဖမ်းမိသူတွေနဲ့ လက်နက်အများအပြား သိမ်းဆည်းရမိထားတယ်လို့ ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ချင်းပြည်သူ့တပ်မတော် CPA က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၆ ရက်နေ့က စတင်ပြီး ဆောမြို့နယ်ဘက်ကနေ ချင်းပြည်နယ်၊ မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အင်အား ထောင်ချီသုံးပြီး ဝင်လာတဲ့စစ်ကော်မရှင်တပ်တွေနဲ့ CPA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်းများစွာဖြစ်ပွါးခဲ့ပြီး စစ်ကော်မရှင်ဘက်က ရာချီသေဆုံးထားသလို ရာချီထိခိုက်ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့အလောင်း၊ သုံးပန်းတွေနဲ့ လက်နက်တွေအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရမိထားတယ်လို့ မှတ်တမ်းဓာတ်ပုံတွေအပြင်၊ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ဓာတ်ပုံမှတ်တမ်းများစွာနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တိုက်ပွဲကာလ တလကျော်အတွင်း ဆောနဲ့ မင်းတပ်အကြား၊ ဆောနဲ့ ကန်ပက်လက်ကြားမှာ တိုက်ပွဲအကြိမ်ရေပေါင်းများစွာ ဖြစ်ပွားထားကာ စစ်ကော်မရှင်ဘက်က သေဆုံးသူ ၁၅၀ ခန့်၊ ဒဏ်ရာရသူ ၂၀၀ ခန့်ရှိနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ သေဆုံးသူ ၂၀ ဝန်းကျင်နဲ့ ထိခိုက်သူ ၃၀ ဝန်းကျင်ရှိနေတယ်လို့ မြေပြင်စစ်ရေးအခြေနေ သိရှိသူတဦးကပြောပါတယ်။

“မင်းတပ်နဲ့ ကျောက်ထုကြားမှာတိုက်ပွဲဖြစ်နေတာဆိုကြာပြီကော တက်လိုက် လန်ကျလိုက်ဖြစ်နေတာ။ အဲဒီကြားဆို တိုက်ပွဲအကြိမ်ရေ ၁၂၀ လောက်ဖြစ်ထားတယ်။ ကန်ပက်လက်ဆိုလည်း ၆ မိုင်အကွာလောက်ထိ စစ်တပ်ရောက်တယ်။ အဲမှာလည်း ရာချီပဲ တိုက်ပွဲအကြိမ်ရေက။ နေ့တိုင်းဖြစ်တာ။ မင်းတပ်မှာဆို ညကအထိ ဖြစ်နေသေးတာ”လို့ မြေပြင်စစ်ရေးအခြေနေသိရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ပထမအပတ်လော​က်ကစတင်ပြီး စစ်ကော်မရှင်အင်အား ၂၀၀၀ ခန့်ဟာ ဆောမြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် အဲဒီကနေတဆင့် မင်းတပ်နဲ့ ကန်ပက်လက်ဘက်ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကြောင်းတွေဟာ ဇူလိုင်လ ၂ ရက်နေ့အထိ မင်းတပ်မြို့နဲ့ ၂ မိုင်အကွာ၊ ကန်ပက်လက်မြို့နဲ့ ၆ မိုင်အကွာထိရောက်ရှိနေကာ ရှေ့ဆက်မတိုးနိုင်သေးပဲ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသေးတယ်။

စစ်ကော်မရှင်ဘက်ကတော့ တိုက်ပွဲအတွင်း သေဆုံးသူတွေကို အလောင်းပြန်သယ်တာမရှိသလို၊ ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ ကျောက်ထုကနေတဆင့် မိတ္ထီလာအထိ လေကြောင်းကနေ သယ်ယူပြီးဆေးကုသ နေတာတွေရှိတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီအသုံးပြုထားသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၂၀ ခန့်သေဆုံးထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ဆော၊ မင်းတပ်၊ ကန်ပလက်မြို့နယ်တွေက စစ်ဘေးရှောင်သူ တသိန်းဝန်းကျင်ထိရှိနေပြီး အများစုက နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ – ချင်းပြည်သူ့တပ်မတော် CPA

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။