စဥ့်ကူးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၇ ဦးဒဏ်ရာရ

0 30
0 30

စဥ့်ကူး၊ ဇွန် ၂၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မြေနုကျေးရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူဆီက သိရပါတယ်။

ဇွန် ၂၃ ရက်နေ့လယ် ၁၂ နာရီကျော်မှာ ထုံးကြီးကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကနေ ၈၁ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ရွာထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး ၂ လုံးက ပြည်သူနေအိမ်ဘေးကျတာမို့ လူတွေထိခိုက်များသွားတာ။ နှစ်ယောက်ကတော့တော်တော်လေးစိုးရိမ်ရတဲ့အခြေနေရှိတယ်။ အခုလည်းဆေးကုသဖို့ ဆေးရုံသွားနေတာ လမ်းမှာရှိသေးတယ်”လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်ပုံ၊ အသက် ၄၇ နှစ်အရွယ် ကိုအောင်ကိုမင်း၊ အသက် ၄၃ နှစ်အရွယ် မဝေဝေလွင်၊ အသက် ၁၃ နှစ်အရွယ် မဇင်ယမုံ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင်၊ အသက် ၁ နှစ်အရွယ် မနဒီထွေး၊ အသက် ၅၃ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဒေသခံတွေကနီးစပ်ရာဆေးရုံကို ဆေးကုသဖို့ပို့ဆောင်ပေးပြီး ရွာခံအချို့ကတော့ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။