PLA စခန်းကို NUG တပ်တွေဝင်စီးချိန် မိုင်းထိပြီး ၄ ဦးကျဆုံး

0 0
0 0

တောင်သာ၊ ဇွန် ၂၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အနောက်ဘက်ခြမ်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA စခန်းကို NUG လက်အောက်တပ်ရင်းတွေဝင်စီးချိန် မိုင်းထိပြီး ၄ ဦးကျဆုံးခဲ့တယ်လို့ မြေပြင်အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၂၂ ရက်နေ့လယ် ၂ နာရီကျော်မှာ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ကဦးဆောင်ပြီး အင်အား ၅၀၀ ကျော်နဲ့ စခန်းတွေကိုပိတ်ဆို့ထားခဲ့ပြီးနောက် အဲ့ဒီထဲက အင်အား ၈၀ ကျော်နဲ့ PLA စခန်းတွေကို ဝင်ရောက်ချိန် PLA အဖွဲ့ဝင်တွေ ထောင်ထားတဲ့မိုင်းတွေကို နင်းမိတိုက်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့ ရဲဘော်တွေတော့ မတွေ့ဘူး။ သူတို့ထောင်ထားတဲ့မိုင်းတွေထိတာ။ သတင်းလက်ဦးမှုရသွားတဲ့ သဘောရှိမယ် ဒီဘက်က အနေထားကို။ စခန်းထဲမိုင်းတွေထောင်ခဲ့ပြီး ဆုတ်သွားတာ။ ဒီဘက်ကတော့ ရဲဘော်အချင်းချင်း အဲ့လိုလုပ်လိမ့်မယ်မထင်ထားတော့ ဒီအတိုင်းဝင်သွားတာမှာထိတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းထိတာကြောင့် မြင်းခြံခရိုင်တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ တပ်ရင်း ၁ က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ နောက်ထပ် တပ်ဖွ့ဝင် ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကတော့ ပြောက်ကျားတပ်စခန်းဖြစ်တဲ့အတွက် စစ်ကော်မရှင်ဘက်က ဝင်ရောက်စီးနင်းတာတွေဖြစ်လို့ လုံခြုံရေးအတွက်ထောင်ထားတဲ့ မိုင်းတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်းထိခိုက်စေချင်တဲ့သဘောမရှိဘူးလို့ ဆိုပါတယ်။

“စခန်းဝင်စီးတဲ့အချိန်မှာ စခန်းလုံခြုံရေးအတွက် ထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲပြီး PDF ရဲဘော်တွေ ထိခိုက်ကျဆုံးရှိတာသိရလို့ စိတ်မကောင်းဖြစ်ရတာရှိတယ်။ ဒီမိုင်းတွေဟာ ပြောက်ကျားတပ်စခန်း ဖြစ်လို့ ရန်သူကလည်း အကြိမ်ကြိမ်ဝင်ရောက်စီးနင်းတာဖြစ်လို့ လုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်။ တော်လှန်ရေးရဲဘော်တွေကို ထိခိုက်စေလိုတဲ့သဘောနဲ့ ထောင်ထားတာ မဟုတ်ဘူး။ စခန်းလုံခြုံရေးအတွက်ထားထားတဲ့မိုင်းတွေ ပေါက်ကွဲခဲ့တာဖြစ်တယ်”လို့ PLA ပြေရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

လက်ရှိမှာတော့ PLA ဘက်ကထိပ်တိုက်တွေ့ဆုံနိုင်မယ့် နည်းလမ်းတွေကို ရှောင်ရှားလိုတာကြောင့် ဒေသတွင်းမှာ ဆုတ်ခွာရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက မြင်ခြံခရိုင်ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

မြင်းခြံခရိုင်ထဲကနေ PLA တပ်တွေ ထွက်ခွာသွားဖို့၊ PLA မှာ ဒလန်ခေါင်းစဥ်တပ်ဖမ်းဆီးထားသူကို လွှဲပြောင်းပေးဖို့ဆိုပြီး မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးစီးကာ ဇွန်လ ၂၂ ရက်မှာ တောင်သာမြို့နယ် အတွင်းရှိ PLA တပ်စခန်း ၂ ခုကို ဝင်ရောက်စီးနင်းကာ PLA ကိုထောက်ခံသူနဲ့ PLA တပ်ဖွဲ့ဝင်အချို့ရဲ့ မိသားစုဝင်တွေကိုဖမ်းဆီးခဲ့ပြီး အရေအတွက်ကိုတော့စိစစ်နေဆဲဖြစ်တယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူ ဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။