စစ်ကိုင်း၊ ဇွန် ၂၂၊ ၂၀၂၆။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက် အမှတ် ၁ စစ်ဒေသကဖမ်းဆီးသွားတဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ တပ်ဖွဲ့ဝင် ၃ ဦး ၁ ပတ်ကြာအထိ အဆက်အသွယ်ပြတ်နေတာကြောင့် တပ်ဖွဲ့နဲ့မိသားစုဝင်တွေ စိုးရိမ်နေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်၊ တပ်ဖွဲ့ဝင် အားကျူး၊ ပေါက်စ၊ ကျော်လေးတို့ ၄ ဦးဖြစ်ပြီး ၎င်းတို့အခြေအနေနဲ့ပတ်သက်ပြီး ခေါ်ဆောင်သွားတဲ့ NUG အစိုးရ လက်အောက် အမှတ် ၁ စစ်ဒေသ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကချင်လွတ်မြောက်ရေးတပ် – KIA တို့ကို စာပို့မေးမြန်းထားပေမယ့် ဒီနေ့အထိအကြောင်းမပြန်သလို မိသားစုကိုဆက်သွယ်လာတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
” အခုထိ ဘယ်အကြောင်းပြချက်နဲ့ဖမ်းဆီးတာလဲ မသိရသလို စာပို့မေးမြန်းတာကိုလည်း အကြောင်းမပြန်ပါဘူး” လို့ စစ်ကိုင်း PDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ကိုစစ်ငြိမ်းနိုင်နဲ့ တပ်ဖွဲ့ဝင် ၃ ဦးတို့ဟာ PDF ထိန်းချုပ်နယ်မြေ ၁ ခုအတွင်းပြုလုပ်တဲ့ အစည်းအဝေး ၁ ခုကအပြန် ဇွန်လ ၁၅ ရက်မှာ အမှတ် ၁ စစ်ဒေသလက်အောက် ကသာခရိုင်ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းက ခေါ်ဆောင်တာကြောင့် သွားရောက်ခဲ့ရာက ဒီနေ့အထိ အဆက်အသွယ်ပြတ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်း PDF တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်တပ်ရင်း၊ တပ်ဖွဲ့မဟုတ်ပေမယ့် ဒေသတွင်းမှာ မြို့နယ်ပကဖ၊ ခရိုင်တပ်ရင်း/တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်း PDF ဟာ NUG လက်အောက်တပ်ဖွဲ့မဟုတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၀ နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRA အဖွဲ့ဝင်ဖြစ်ပြီး ကိုစစ်ငြိမ်းနိုင်နဲ့တပ်ဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရမှုကို SRA ကတဆင့် ကာကွယ်ရေးဝန်ကြီးဌာနဆီ ဆက်သွယ်မေးမြန်းပေမယ့်လည်း တစုံတရာ အကြောင်းပြန်တာမရှိဘူးလို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့မေလထဲမှာလည်း NUG အစိုးရလက်အောက်တပ်ဖွဲ့တွေက မင်းကင်းမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်-SRF ခေါင်းဆောင် ကိုစံတင်ထွန်းနဲ့ တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တာပါ။
အဲ့ဒီဖြစ်စဥ်အပေါ် အရပ်ဖက်တော်လှန်ရေးအင်အားစုတွေက အင်အားသုံးဖမ်းဆီးတာတွေမလုပ်ဆောင်ဘဲ ညှိနှိုင်းဆွေးနွေးကြဖို့ ပူးတွဲထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဆွေးနွေးခဲ့ရာမှာ SRF အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကိုဝင်ရောက်ဖို့ သဘောတူခဲ့တာလည်းဖြစ်ပါတယ်။