စစ်ကိုင်း၊ ဇွန် ၁၇ ၊ ၂၀၂၆ ။
စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်အပါတပ်ဖွဲ့ဝင် ၄ ဦး အဆက်အသွယ်ပြတ်တောက်နေပြီး ဖြစ်စဉ်အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနအပါ သက်ဆိုင်ရာတပ်ဖွဲ့တွေကို စစ်ကိုင်း PDF က စာပေးပို့ထားတယ်လို့ တပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။
ကိုစစ်ငြိမ်းနိုင်နဲ့အတူတပ်ဖွဲ့ဝင် ၃ ဦးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF ရဲ့ဆွေးနွေးပွဲတခုကို တက်ရောက်ပြီးအပြန် ဇွန် ၁၅ ရက်မှာ ကသာခရိုင်ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းကခေါ်ဆောင်သွားပြီး ဒီကနေ့ ဇွန် ၁၇ ရက်အထိ အဆက်အသွယ်ပြတ်နေတာလို့ ဆိုပါတယ်။
စစ်ကိုင်း PDF ခေါင်းဆောင် အဆက်အသွယ်ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်တယ်လို့ စစ်ကိုင်း PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
” အဖမ်းခံရခြင်း ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးပါ။ အမှတ် ၁ စစ်ဒေသမှူးကတွေ့ချင်လို့ ပြောပြီး ကသာခရိုင်ကွပ် (ကွပ်ကဲရေးမှူး )ဒူချွန်ဇော်ဆိုင်းက ခေါ်ဆောင်သွားရာကနေ အဆက်အသွယ်ပြတ်နေတာပါ။ ၂ ရက်ရှိပါပြီ” လို့ ပြောပါတယ်။
ဖြစ်စဥ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နယ်မြေအလိုက်သက်ဆိုင်ရာတပ်ဖွဲ့တွေထံ စာပေးပို့ထားတယ်လို့ စစ်ကိုင်း PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
” အဆက်အသွယ်လည်းမရသေးဘူး။ ဘာကြောင့်လဲဆိုတာသိရဖို့ ဆက်တော့စောင့်ကြည့်နေတယ်။ KIA ရော၊ စစ်ဒေသရော၊ ကာကွယ်ရေး(MOD) ကိုရော စာပို့ထားပြီး စောင့်ကြည့်နေပါတယ်” လို့ ဆိုပါတယ်။
စစ်ကိုင်း PDF ဟာ မိုးကုတ်၊ မိုးမိတ်ဒေသကို စစ်တပ်ကပြန်လည်ရယူပြီးနောက်ပိုင်း ဒေသခံပကဖ၊ တပ်ရင်းတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
စစ်ငြိမ်းနိုင်အပါ တပ်ဖွဲ့ဝင် ၄ ဦး အခြေအနေတွေနဲ့ပတ်သက်ပြီး သူတို့ကိုခေါ်ဆောင်သွားတယ်ဆိုတဲ့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဓာတ်ပုံ – Sitt Nyein Naing facebook