မြင်းခြံ၊ ဇွန် ၂၂ ၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ တပ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက် မြင်းခြံခရိုင်တပ်ရင်းတွေ ဝင်ရောက်စီးနင်းနေတယ်လို့ PLAတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၁ ရက် ယမန်နေ့ မွန်းလွဲပိုင်းကစတင်ပြီး မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ဦးစီး အင်အား ၅၀၀ ခန့် ဟာ တောင်သာမြို့နယ်အတွင်းက PLA စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့တာနဲ့ PLA ထောက်ပို့အဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့ ကြိုးစားတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာ မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံက PLA တပ်ဖွဲ့အနေနဲ့ မြင်းခြံခရိုင်အတွင်းကနေ ထွက်ခွာပေးဖို့နဲ့ PLA က ဖမ်းဆီးထားသူတွေကို သိမ်းဆည်းရမိပစ္စည်းတွေနဲ့အတူ ၎င်းတို့ထံလွှဲပြောင်းပေးဖို့ဆိုကာ အချက်၂ ချက် ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာပဲ တောင်သာမြို့နယ်ကျေးရွာ၂ ရွာမှာရှိတဲ့ PLAအထိုင်စခန်းတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေရဲ့နေအိမ်တွေကို NUG မြင်းခြံခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းရှာဖွေနေကာ မိသားစုဝင် ၁ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ဖော်ပြပါတယ်။
PLA ဘက်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေချိန် အခုလိုတပ်စခန်းတွေကို အင်အားအလုံးအရင်းသုံးဝင်ရောက်စီးနင်းတာနဲ့ မြင်းခြံခရိုင်အတွင်းလှုပ်ရှားနေတဲ့ PLAတပ်ဖွဲ့ဝင်တွေကို ထွက်ခွာစေတာတွေကိုလက်မခံနိုင်ဘဲ ညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ လိုလားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
PLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကလည်း NUG အနေနဲ့ တပ်တွေကို သက်ဆိုင်ရာနေရာတွေကို ပြန်ဆုတ်ပေးဖို့လိုကြောင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေရင် ထိပ်တိုက်တွေဆုံမှုတွေ ဖြစ်လာနိုင်ကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်ကွပ်ကဲရေးကို မြေလတ်အသံက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ဖြစ်စဥ်မှာပါဝင်တဲ့ မြင်းခြံခရိုင်တပ်ရင်းတွေရဲ့ တပ်ဖွဲ့ဝင်တချို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ သက်ဆိုင်ရာကသာ သတင်းထုတ်ပြန်မယ်လို့ ပြန်လည်ဖြေကြားကြပါတယ်။
မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်တပ်နဲ့ပျူစောထီးပူးပေါင်းစစ်ကြောင်းတွေက အင်အားအများအပြားနဲ့ လှည့်ပတ်စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။