ကြို့ပင်ကောက်၊ ဇွန် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ စျေးချိုမြောက်ရပ်ကွက်၊ မြို့မစျေးရှိ ရွှေဆိုင်ပိုင်ရှင်တဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ မြမြင့်မိုရ် ရွှေဆိုင်ပိုင်ရှင် အသက် ၅၇ အရွယ် ဦးဝင်းလွင်ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့လယ် ၁၂ နာရီကျော်က ဆိုင်မှာတဦးတည်းရှိနေချိန် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
“သူမိန်းမက ထမင်းချိုင့်ပြန်ယူတဲ့အချိန်မှာ သူ့ယောက်ျားတယောက်တည်းကျန်ခဲ့တာ။ အဲါဒီချိန်မှာ လာပစ်သွားတာ။ သေနတ်သံကိုလည်း မကြားရဘူးထင်တယ်။ ဘေးနားဆိုင်ကလူတွေလည်း မသိကြဘူး။ သူ့မိန်းမပြန်လာတော့အော်မှ ပတ်ဝန်းကျင်ကသိကြတာ။ “လို့ မြို့ခံတဦးက ပြောပါတယ်။
သေဆုံးသူ ဦးဝင်းလွင်ဟာ စစ်တပ်နဲ့ပတ်သက်သူမဟုတ်ဘဲ ရွှေဆိုင်လုပ်ငန်းကိုလုပ်ကိုင်တဲ့ ရွှေလုပ်ငန်းရှင်တဦးဖြစ်ကာ ပစ်ခတ်ခံရတာကြောင့် ဘယ်ဘက်ရင်ဘတ်မှာ ကျည်ထိဒဏ်ရာ ၁ ချက်ရပြီး နေရာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ဘယ်သူတွေက ဘာကြောင့်ပစ်ခတ်သွားတယ်ဆိုတာနဲ့ ရွှေထည်တွေ ယူဆောင်သွားတာရှိ၊ မရှိကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေလာရောက်စစ်ဆေးပြီး အလောင်းကို ကြို့ပင်ကောက်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
မတ် ၂၂ ရက်ကလည်း ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်နေ NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသမီးဖြစ်သူ ပစ်သတ်ခံရလို့သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း