ဝက်လက်၊ ဇွန် ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ဇွန် ၁၇ ရက်နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာတစီးဟာ ကျေးရွာအရှေ့တောင်ပိုင်းကို ဗုံးသီး ၂ လုံးကြဲချပြီး ရော့ကတ်နဲ့ပါပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“ကိုယ့်အိမ်နဲ့ကိုယ်နေချိန်ဖြစ်တာ။ တယောက်ကဆိုလမ်းပေါ်ရောက်နေချိန်ထိတာ။ ဟိုကအိမ်ပေါ်ကိုတည့်တည့်ကျတာ။ ဗိုက်ကြီးသည်နဲ့ကလေးငယ်က သူအိမ်ထဲက မန်းကျည်းပင်ကိုထိပြီးမှ အထဲကသူတွေထိတာ။ သေတဲ့သူတွေကို ချက်ချင်းသင်္ဂြိုဟ်ရတာ။ အပိုင်းပိုင်းဖြစ်သွားတာ။ တယောက်ပဲအကောင်းတိုင်းရတယ်”လို့ ရွာခံတဦးကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၃၀ အရွယ်ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး၊ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် နဲ့ အသက် ၅၀ အရွယ်အမျိုးသမီး ၂ ဦးတို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၄၀ ကနေ ၅၀ ကြားအရွယ်အမျိုးသမီး ၃ ဦးထက်မနည်းဒဏ်ရာရပြီး ဒဏ်ရာရသူအရေအတွက်ကိုစိစစ်နေဆဲလို့ ဆိုပါတယ်။
ဗုံးကြဲမှုအတွင်းနေအိမ် ၁ လုံးပျက်စီးပြီး နွား ၃ ကောင်ထက်မနည်းသေဆုံးကာ ဗုံးလာကြဲပြီးနောက် ရွာခံတွေဟာနေအိမ်တွေအတွင်းမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ အထက်ပါရွာခံက ပြောပါတယ်။

ဇွန် ၁၆ ရက်ညနေကလည်း ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းဟာ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ရွာထဲကျပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း- လင်း