တောင်တွင်းကြီးမှာ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၅ ဦးသေဆုံး

0 203
0 203

တောင်တွင်းကြီး၊ ဇွန် ၁၇၊ ၂၀၂၆။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းမကြီး၊ ပရပ်ကြယ်ရဲစခန်းနဲ့ ကိုးပင်စစ်ဆေးရေးဂိတ်ကြား လမ်းပိုင်းပေါ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ ဇွန် ၁၇ ရက်မှာ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၅ ရက် မနက် ၈ နာရီခန့်မှာ တောင်တွင်းကြီးမြို့နယ် အမှတ် ၇ လေ့ကျင့်ရေးတပ်က ဗိုလ်ကြီး စောသန်းထွန်းဝင်း အပါအဝင် စစ်ကော်မရှင်တပ်သား ၃ ဦးလိုက်ပါလာတဲ့ Honda Fit အိမ်စီးကားကို တိုက်ခိုက်နေချိန် ညွှန်မှူးယာဥ်တန်းလည်း ရောက်လာတာကြောင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အောင်လံဘက်ကနေလာတဲ့ ညွှန်မှူးလမ်းကြောင်းကို တောင်တွင်းကြီးဘက်က ကျသွားတဲ့ အရာရှိက အောင်လံနဲ့တောင်တွင်းကြီးနယ်ခြားနားထိ လာကြိုတာ။ လာကြိုတဲ့ကားကို အရင်တိုက်ခိုက်တာ။ ကားကိုပစ်နေတဲ့အချိန်မှာပဲ ညွှန်မှူးကားကလည်း ပစ်ကွင်းထဲရောက်လာတဲ့အချိန်မှာ ပစ်တယ်။ ပထမတားတယ် မရပ်ပေးလို့ပစ်တော့ ညွှန်မှူးကားက ပြန်ဆုတ်ပြေးတယ်။ အဲ့ပေါ်က ပခနက အရာရှိလည်းကျတယ်။ သူတို့ဘက်ကလည်းပြန်ပစ်တယ်”လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါယာဥ်တန်းရဲ့ ကား ၁ စီးစီပေါ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးဝန်းကျင်လိုက်ပါလာတယ်လို့ လည်း ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း အိမ်စီးကားပေါ်မှ ဗိုလ်ကြီးစောသန်းထွန်းဝင်း နဲ့ စစ်ကော်မရှင်တပ်သား ၁ ဦး သေဆုံးပြီး ညွှန်မှုးလိုက်ပါလာတဲ့ ယာဥ်တန်းကလည်း ပခန မှ ဗိုလ်ကြီး ၁ ဦးနဲ့ စစ်ကော်ရှင်တပ်သား ၂ ဦးသေဆုံးကာ ညွှန်မှူးမှာလည်းအပြင်းထန်ဒဏ်ရာရရှိတာကြောင့် မကွေးစစ်ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အဆိုပါညွှန်မှူးမှာ ဘယ်ဌာနက အရာရှိကြီးဖြစ်တယ်ဆိုတာကိုတော့သိရဖို့ ဆက်လက် စုံစမ်းနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေ ကိုင်ဆောင်တဲ့ G 3 ၁ လက်၊ MA 3 ၁ လက်၊ MA 5 ပစ္စတို ၁ လက်၊ G 3 ကျည်ဘောက် ၁ ခု ကျည် ၁၅ တောင့်၊ MA 3 ကျည်ဘောက် ၁ ခု၊ ကျည် ၁၂ တောင့်၊ MA 5 ကျည် ၁၀ တောင့်နှင့် ဖုန်း ၁ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကားကိုတော့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။