ရေတာရှည်မှာ ပရဟိတအသင်းကားက ဝင်တိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

0 7
0 7

ရေတာရှည်၊ ဇွန် ၁၅၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ပရဟိတအသင်းကားတစီးကဝင်တိုက်မိတာကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ အသင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၁၄ ရက်မနက် ၅ နာရီခွဲ နေပြည်တော်ကနေလူနာပို့ပြီး တောင်ငူဘက်ကိုပြန်လာတဲ့ တောင်ငူအခြေစိုက်ပရဟိတအသင်းတခုရဲ့ကားဟာ လမ်းဘေးလမ်းလျှောက်နေသူအမျိုးသားကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“လမ်းသွားတဲ့သူကို ဝင်တိုက်မိသွားတာ။ ယာဥ်မောင်းအိပ်ငိုက်သွားတယ်လို့ ပြောတယ်။ ကျန်းမာရေးအရလမ်းလျှောက်တာလားမသိဘူး။ (ကားက) လူနာပို့ပြီး ပြန်လာတာ။ “လို့ ပရဟိတအသင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ရေတာရှည်မြို့နေ အသက် ၃၀ ကျော်အရွယ်အမျိုးသားမှာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး အလောင်းကိုတော့ရေတာရှည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အဆိုပါပရဟိတအသင်းကားမောင်းသူကို ရဲကဖမ်းဆီးပြီး ရေတာရှည်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ အထက်ပါနီးစပ်သူက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားကို ဇွန် ၁၆ ရက်မှာ နာရေးချမှာဖြစ်ပြီး နစ်နာသူမိသားစုအတွက် သက်ဆိုင်ရာအသင်းဘက်ကလည်း လိုအပ်တဲ့ကူညီမှုမျိုးလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကလည်း ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံးကာ ခရီးသည် ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။