ဆော၊ မေ ၂၉၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးရှိ လယ်ဆောရွာနဲ့ ကြီးရွာကြားကို စစ်ကော်မရှင်စစ်ကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကုန်တင်ယာဥ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၈ ရက်ည ၁၁ နာရီခွဲမှာ အထက်ပါရွာ ၂ ရွာကြားကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၆ လုံး၊ Y 12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ဗုံးကျတဲ့နေရာက စပါးပွဲရုံနား။ ကားတွေက အဲ့နားထားပြီး လူတွေကတခြားနေရာမှာ အိပ်နေတဲ့ပုံစံရှိလောက်တယ်။ ကားတွေက အဲ့မှာထားတာ။ ကားပေါ်မှာက ဆီပေပါတွေ ကုန်တွေပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။


ဗုံးကြဲခံရလို့ ဖောကား ၂ စီး၊ ကန်တာ ၁ စီး၊ Double Cab ကား ၁ စီးမီးလောင်ပြီး အဆိုပါ ကားတွေပေါ်မှာတင်ထားတဲ့ စက်သုံးဆီပေပါနဲ့ စားသောက်ကုန်ပစ္စည်းတွေပါ မီးလောင်ပျက်စီးခဲ့တာကြောင့် စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော်လောက် ဆုံးရှုံးနိုင်တယ်လို့ အထက်ပါဒေသခံက ခန့်မှန်းပါတယ်။
ပျက်စီးသွားတဲ့ ကုန်ပစ္စည်းတွေဟာ ရခိုင်ကိုတင်ပို့မယ့်ပစ္စည်းတွေဖြစ်နိုင်တယ်လို့ ယူဆရပြီး ဗုံးကြဲမှုအတွင်း လူထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မေလ ဒုတိယအပတ်ကစတင်ပြီး ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်တဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်နဲ့ချင်းပြည်နယ်ဘက်ကို ကုန်စည်တွေ မရောက်နိုင်အောင် လမ်းပိုင်းတွေမှာပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း ဆောမြို့နယ်၊ ကျောက်ထုမြို့နဲ့ ၂ မိုင်အကွာ မိအယ်ကျေးရွာမှာ လေကြောင်းကနေဗုံးကြဲခံရတာကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း