ဝက်လက်မှာ အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးကျဆုံး

0 9
0 9

■ အုတ်ဖိုမှာလည်း လေကြောင်းကနေဗုံးကြဲလို့ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်

မြေလတ်အသံ၊ မေ ၂၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်ရဲ့အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

မေလ ၂၈ ရက် မနေ့ ညနေ ၃ နာရီခွဲကျော်မှာ ရွှေဘိုမြို့တောင်ဘက်အဝင်မုခ်စစ်တပ်ဂိတ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂ စီးဟာ ဝက်လက်မြို့ နယ်၊ ရေထွက်ကျေးရွာမြောက်ဘက်အထွက်အနီး ထမင်းဆိုင်နဲ့ ပအဖအခွန်ကောက်ဂိတ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အဲ့နားမှာ အိမ်လေးရှိတယ်။ ဆိုင်ခပ်သေးသေးလေး ထမင်းခေါက်ဆွဲရောင်းတဲ့ စားသောက်ဆိုင်ပေါက်စလေး ဆိုင်ဘေးနားကျကွဲတာ။ ၂ စီးစလုံး။ ရဲဘော်တွေက အဲ့နားထိုင်နေကြတာမှာထိတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒရုန်းထိမှန်တာကြောင့် အသက် ၄၀ အရွယ် ကာကွယ်ရေးအဖွဲ့ဝင်အမျိုးသား ၁ ဦးနေရာမှာပင်သေဆုံးပြီး နောက်ထပ်အဖွဲ့ဝင် ၁ ဦးနဲ့ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နေရာအနီး ရေထွက်ကျေးရွာပြည်သူတွေကတော့ စစ်တပ်က ဒရုန်းနဲ့ထပ်မံတိုက်ခိုက်လာမှာစိုးရိမ်ပြီး ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၂၈ ရက် မနေ့မနက် ၉ နာရီကျော်မှာ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံး ၁ လုံးကြဲချခဲ့ရာ ပြည်သူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဖိုက်တာလာတာမှာ အသံကြီးကို အကြီးကြီးပဲ။ အကျယ်ကြီးပြီးမှာ ရွာအရှေ့ဘက်အိမ်ပေါ်ကျတာ။ ရွာသားတွေလည်း ပြေးနေရတာ။ အိမ်ပြန်ပြီး ပစ္စည်းလေးဘာလေးယူတာ ဖြစ်နိုင်လောက်တယ်။ ဒဏ်ရာရတာကပြင်းတယ်။ ခန္ဓာကိုယ်အနှံ့ပဲ”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ထန်းပင်ကုန်းရွာခံ အသက် ၃၂ နှစ်အရွယ် မအေးလေးမှာ ခန္ဓာကိုယ်အနှံ ဗုံးစမှန်ဒဏ်ရာရပြီး အခြေအနေစိုးရိမ်ရသလို နေအိမ်လည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မေလ ၂၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးရွာမှာ စစ်ရှောင်နေရာကနေ ကျေးရွာခဏပြန်တဲ့ အမျိုးသား ၃ ဦး စစ်ကြောင်းနဲ့တိုးပစ်ခံရပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရပြီး လွတ်မြောက်လာတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး

မြေလတ်အသံ

ဝက်လက် #အုတ်ဖို #ဒရုန်း #ဗုံးကြဲ #သေဆုံး

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။