ချောင်းဦးမှာ အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၃ နှစ်ကလေးနဲ့မိခင် သေဆုံး

0 11
0 11

ချောင်းဦး၊ မေ ၂၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-အမြင့်လမ်းပေါ်ရှိ လှော်ကားကျေးရွာကို အသေခံဆူဆိုက်ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦးသေဆုံးတယ်လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

မေလ ၂၇ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာ မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကနေ ပျံသန်းလာတဲ့ အသေခံဆူဆိုက်ဒရုန်း ၁ စီးဟာ ကျေးရွာအလယ်စျေးဆိုင်တွေအနီးလမ်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ရွာထဲစျေးဆိုင်တွေရှိတဲ့နားကို ကျတာ။ ထိတဲ့သူတွေက ဒရုန်းကျတဲ့​​နေရာအနီးက လက်ဖက်ရည်ဆိုင်မှာ ရှိနေသူတွေ။ သေတာက လက်ဖက်ရည်လာသောက်တဲ့သားအမိ။ ဒဏ်ရာရတာက လက်ဖက်ရည်ဆိုင်ပိုင်ရှင်သားအဖ”လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒရုန်းထိမှန်လို့ လက်ဖက်ရည်ဆိုင်အတွင်းရှိနေတဲ့ အသက် ၃ နှစ်အရွယ်ကလေးနဲ့ အသက် ၄၀ ဝန်းကျင် မိခင်ဖြစ်သူ အမျိုးသမီးတို့ နေရာမှာသေဆုံးသွားခဲ့ပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားနဲ့ အသက် ၄ နှစ်ဝန်းကျင် သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကာ လက်ဖက်ရည်ဆိုင်လည်း အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ကျေးရွာနဲ့အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းကျရောက်ပေါက်ကွဲပြီးနောက် ဒေသခံတွေကြောက်လန့်နေကြကာ ကျေးရွာလမ်းပေါ် မှာ လူသွားလူလာနည်းပါးသွားတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာမှာ ချောင်းဦးထွေအုပ်ရုံးအထိုင်ချစစ်ကော်မရှင်အဖွဲ့ဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။သေဆုံး

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။