ဆောမှာ သံဃာနဲ့ CDM ကျောင်းဆရာအပါ ၆ ဦးအသတ်ခံရ

0 12
0 12

ဆော၊ မေ ၂၇၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်ထဲကိုဝင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက သံဃာ ၁ ပါး နဲ့ CDM ကျောင်းဆရာအပါအဝင် ၆ ဦးကိုသတ်ဖြတ်ခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၈ ရက်နေ့လယ်ပိုင်းမှာ တပြင်းကျေးရွာထဲကို စစ်ကြောင်းဝင်လာချိန် ပိတ်မိနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ်အရွယ် ဒေါ်တင်မာစိုးကို ရွာလမ်းပိုင်းပေါ်မှာတင် သတ်ဖြတ်ခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီနောက် မေ ၂၄ ရက် ညပိုင်းမှာ တပြင်ကျေးရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ စခန်းတစ်ခုကို ဝင်စီးပြီး စစ်ဘေးရှောင် ၅၀ ခန့်ကိုဖမ်းကာ အဲ့ဒီအထဲက CDM ကျောင်းဆရာ အသက် ၄၀ ကျော်အရွယ် ဦးမျိုးမင်းကျော်၊ အသက် ၂၀ ကျော်အရွယ် တာတေ၊ အသက် ၃၀ ကျော်အရွယ် ကားဆရာအမျိုးသားတို့ကို ရွေးထုတ်ပြီး မေ ၂၅ ရက်မနက်ပိုင်းက ရွာထဲမှာသတ်ဖြတ်ခဲ့တယ်လို ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ရွာဘုန်းကြီးကျောင်းက သက်တော် ၃၅ နှစ်ကျော် သံဃာတပါးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီညမှာပဲ ၅၀ လောက်ဖမ်းမိတာလေ။ မိုးသည်းနေတဲ့အချိန်။ ထင်မှတ်မထားဘူး။ တပ်ကလည်း အင်အားအများကြီးဖြန့်ထားလိုက်တာ။ ဖမ်းထားတဲ့အထဲက တော်တော်များများတော့ ပြန်လွှတ်လိုက်တယ်။ အဲ့ထဲက အမျိုးသမီး ၃ ယောက်နဲ့အမျိုးသား ၃ ဦးကျန်သေးတယ်။ သတ်တဲ့ ၃ ယောက်ကိုတော့ ၂၅ ရက်နေ့မှာသတ်တာ။ ဘုန်းကြီးကျောင်းမှာပဲဖြစ်လောက်တယ်။ သံဃာတပါးကိုလည်း ဘုန်းကြီးကျောင်းမှာတင်သတ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ သံဃာတော်အပါအဝင် အမျိုးသား ၃ ဦးအလောင်းကိုတော့ ကျေးရွာထဲ စစ်ကော်မရှင်အဖွဲ့ဝင် ရှိနေသေးတာကြောင့် မေ ၂၇ ရက်အထိ မကောက်ယူနိုင်သေးဘူးလို ဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့ သံဃာတော်ဟာ ရွာကိုပြန်ရောက်လာပြီး ကျောင်းလာထိုင်နေတာ တနှစ်ကျော်လောက်သာရှိသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၂၆ ရက်မနက် ၅ နာရီကျော်ခန့်မှာလည်း တပြင်ကျေးရွာကနေ ရွာသာရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်လာချိန် ကျေးရွာအနီးတွေ့ရတဲ့ ရွာသားအသက် ၄၀ အရွယ်အမျိုးသားကိုလည်း စစ်ကော်မရှင်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီးရွာက နေအိမ်တွေကို မီးရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူကိုတော့ ရက်ရက်စက်စက်သတ်သွားတာ။ လက်တွေကို အရင်ဖြတ်ပြီးမှ သတ်သွားတာ။ ရုတ်တရက်စစ်ကြောင်းရောက်လာပြီး ဖမ်းခံရတာ။ စစ်ကြောင်းဝင်လာချိန် ရွာအနောက်ဘက် မြင်းခြစ်တောင်မှာတိုက်ပွဲဖြစ်လိုက်သေးတယ်။ ပြီးမှ ရွာထဲဝင်လာတာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့အမျိုးသားအလောင်းကိုတော့ စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ရွာခံတွေက ကောက်ယူပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်ပြီလို့ သိရပြီး မီးရှို့ခံရလို့ အိမ်ခြေ ၆၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ရွာကိုမီးရှို့ပြီးနောက် ညနေပိုင်းမှာ ကျောက်ထုမြို့နဲ့ အကြည်ကျေးရွာတို့ကိုအင်အားတဝက်ဆီခွဲပြီး ထွက်သွားတယ်လို သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။