မိုးညို၊ မေ ၂၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ကျားကျွန်းကျေးရွာက အသက် ၃ နှစ်ကျော် မိန်းကလေးငယ်ကို စစ်ပြေး ၁ ဦးက အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်သူကိုဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၉ ရက် မနက်ပိုင်းမှာ ၀ဲကြီးကျေးရွာဇာတိ အသက် ၃၀ အရွယ် အောင်စိုး (ခ) ရွှေလရောင် ဆိုသူဟာ အသက် ၃ နှစ် ၉ လ အရွယ် မိန်းကလေးငယ်ကို အဲ့ဒီမိန်းကလေးငယ်ရဲ့ နေအိမ်မှာ ဘယ်သူမှမရှိချိန် အိမ်အနောက်ဘက်ရှိထင်းစင်မှာ အဓမ္မပြုခဲ့တာလို့ ဆိုပါတယ်။
“ ဆေးရုံကအတည်ပြုတယ် မုဒိန်းမှု။ တရားခံကဆေးရုံ(မိုးညိုပြည်သူ့ဆေးရုံ)မှာ။ (ရဲစခန်းမှာစစ်ဆေးရင်း) ရိုက်တာ လက်လွန်သွားလို့လေ။ စစ်တပ်ကထွက်ပြေးလာတာ(စစ်ပြေး)ကို သနားလို့ခေါ်ထားတာ။ အဖွားဈေးကပြန်တာ ကလေးကတိုင်လိုက်တာ။ ကလေက သားအိမ်ထုတ်ပစ်ရတယ်။ ဟယ်လ်ပင်(ရန်ကုန်ကလေးဆေးရုံကြီး-ဟယ်လ်ပင်)မှာ သက်သာတယ်။ ရွာတွေကပိုက်ဆံစု(ဆေးကုသစရိတ်) ပေးကြတယ်”လို့ ကျားကျွန်းဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
အဖွားဖြစ်သူပြန်ရောက်ချိန် ကလေးငယ်ရဲ့ပြန်လည်ပြောဆိုမှုကြောင့် အခြေအနေကိုသိရှိပြီး မိုးညိုမြို့နယ်ဆေးခန်းကိုပို့ဆောင်ပြီးနောက် ရဲကိုတိုင်ကြားခဲ့ကာ မိုးညိုမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့၀င်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဲ့ဒီနေ့ည ၇ နာရီခွဲ၀န်းကျင်မှာ ဖမ်းဆီးခဲ့တယ်လို့ ကျားကျွန်းကျေးရွာ ဒေသခံကပြောပါတယ်။
အဲ့ဒီနောက် ကျူးလွန်သူကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရပြီး လက်ရှိအချိန်ထိ မိုးညိုဆေးရုံမှာ တင်ထားရတယ်လို့လည်း ဆိုပါတယ်။
မိန်းကလေးငယ်ရဲ့မိဘတွေက ကိုင်းထဲမှာနေထိုင်ရင်းအလုပ်လုပ်နေကြသူတွေဖြစ်တာကြောင့် အဖိုးအဖွားတွေနဲ့ အတူနေထိုင်နေသူဖြစ်ကာ အိမ်မှာ ၁ ယောက်တည်းကျန်ခဲ့ချိန် အခုလိုကြုံခဲ့ရတာဖြစ်ပြီး ကလေးအတွက်ဆေးကုသစားရိတ်လည်း လိုအပ်နေတယ်လို့ ၀ဲကြီးကျေးရွာဒေသခံက ပြောပါတယ်။
“သူ့(ကျူးလွန်သူ)ကို သူ့မိဘတွေက ဆိုးလွန်းလို့ စစ်တပ်ကိုရောင်းစားထားတာ။ ပြန်ပြေးလာပြီး (အခင်း)ဖြစ်တဲ့အိမ်မှာ ရှောင်နေတာ။ ၁ နှစ်လောက်ရှိပြီ။ သူအိမ်ကတော့ဝဲကြီးမှာ။ သူတို့ (ကျူးလွန်ခံရသူ) တွေက ဆင်းရဲတယ်။ ဖုန်းလည်းမသုံးကြဘူး။ ကလေးဆေးဖိုးတောင် ရွာတွေကဝိုင်းစုပေးနေကြတာ”လို့ ၀ဲကြီးကျေးရွာ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
မြေလတ်အသံကကြည့်ရှုခွင့်ရတဲ့ ရုပ်သံဖိုင်မှာတော့ အောင်စိုးကို ဖမ်းမိချိန်မှာ သူဒီပြစ်မှုကို မကျူးလွန်ကြောင်း၊ ကလေးငယ်ဟာ ဆော့ကစားရင်း ထင်းပုံထဲမှာအားလျားမှောက်ပြုတ်ကျပြီး သွေးကျတာဖြစ်နိုင်ကြောင်း ငြင်းဆန်ပြောဆိုနေတာကို တွေ့ရပါတယ်။
ကလေးငယ်ကို မိုးညိုမြို့နယ်ဆေးရုံကတဆင့် သာယာ၀တီခရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် မသက်သာတဲ့အတွက် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)ကို ပို့ဆောင်ဆေးကုသပေးနေရပြီး အဆိုပါဆေးရုံမှာပဲ သားအိမ်ထုတ်လိုက်ရတယ်လို့ ကျားကျွန်းကျေးရွာ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း ကျားကျွန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးငယ် ၁ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း