မြစ်ခြေကို စစ်တပ်ကအင်အားထောင်ကျော်နဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေ

0 0
0 0

ပခုက္ကူ၊ မေ ၁၈၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ မြစ်ခြေမြို့ကို စစ်ကော်မရှင်တပ်က အင်အားထောင်ဂဏန်းသုံးပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ပွဲပါ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မေလ ၁၄ ရက်ကစတင်ပြီး မြစ်ခြေမြိုအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ညောင်ဦး ခလရ ၄၁၅ တပ်၊ ပခုက္ကူ တပ်မ ၁၀၁၊ အောင်လံပျူစောထီးအင်အား ၄၀၀ ကျော်နဲ့ နောက်ထပ်အင်အားဖြည့်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က အင်အား ၅၀၀ ကျော်တို့က မြို့တဝိုက်ကနေ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“ဒီမနက်တင် အင်အား ၂၀၀ ကျော်လောက် ထပ်ရောက်လာတယ်။ မြို့ကို အပြီးသိမ်းနိုင်ဖို့ အင်အားထပ်ဖြည့်နေတာ။ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တောက်လျှောက်ပစ်ခတ်မှုဖြစ်နေတာ။ 120 တွေပစ်တယ်။ 81 တွေပစ်တယ်။ ဒရုန်းကလည်းအစုံပဲ ၆ လက်တွေကော၊ ၈ လက်တွေကောနဲ့ ကြဲတယ်။ မြေပြင်ပစ်ခတ်မှုတွေလည်းဖြစ်တယ်”လို့ မြေပြင်တိုက်ပွဲပါကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပြီး အသေးစိတ်အချက်အလက်ကိုတော့ စစ်ရေးအခြေနေမတည်ငြိမ်သေးတာကြောင့် ထုတ်ပြန်လို့ မရသေးဘူးလို့ ဆိုပါတယ်။

မေလ ၁၈ ရက်ဒီမနက် ၆ နာရီကျော်မှာလည်း ထန်းတောချောက်ကျေးရွာထဲက နေအိမ်အချို့ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ခြေမြို့အနီးရောက်ရှိနေတဲ့ စစ်ကော်မရှင်အဖွဲ့တွေဟာ မိုးနတ်ကုန်း၊ ထန်းတောချောက် ကျေးရွာတွေမှာ မေလ ၁၈ ရက်အထိတပ်စွဲပြီး ပစ်ခတ်နေကြတာလို့လည်း သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းရောက်ရှိနေတာကြောင့် မြစ်ခြေမြို့အတွင်းက ပြည်သူ ၁၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဆိုပါစစ်ကြောင်းတွေကို ၁၀ ရက်ကနေ ၁၈ ရက်အတွင်း မြစ်ခြေဒေသက လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျဥ်ရွာ၊ ညောင်ပင်၊၊ မိုးနတ်ကုန်း၊ ထန်းတောချောက်ကျေးရွာတွေက နေအိမ် ၁၀၀၀ ဝန်းကျင်ပျက်စီးဆုံးရှုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နဲ့ ၁၇ မိုင်ခန့်သာကွာဝေးတဲ့ မြစ်ခြေမြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၂၀၂၄ နှစ်စပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။