နတ်မောက်နဲ့ရမည်းသင်းအစပ်မှာ ထိုးနေတဲ့စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ

0 3
0 3

မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၆။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အစပ်မှာ ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ထုတ်ပြန်ပါတယ်။

မေလ ၁၄ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ နတ်မောက်နဲ့ ရမည်းသင်းမြို့နယ်အစပ် နယ်ခြားမှတ်တိုင်အနီးမှာ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းကို လက်လုပ်ဆွဲမိုင်း ၅ လုံးနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

” မိုင်းကွင်းထဲကို ကား ၄ စီး၊ ထွန်စက် ၁ စီး၊ ဆိုင်ကယ် ၁၀ စီးရယ် ခြေလျင်စစ်‌ကြောင်းရယ် ဝင်ရောက်တဲ့အချိန်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုက များပါတယ်ဗျ။ ထိခိုက်သေဆုံးသူတွေကို ကား ၃ စီးနဲ့တင်‌ခေါ်သွားတာဆိုတော့ စာရင်းအတိအကျကိုတော့ အတည်ပြုဖို့ခက်နေပါတယ်ဗျ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မေလ ၈ ရက်ကစတင်ကာ နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ပြီး ယမန်နေ့ညပိုင်းက ဖက်တောရေကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ ရမည်းသင်းမြို့နယ်အတွင်းကို ထွက်ခွာချိန်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

” ဒဏ်ရာရတွေကို ခေါ်သွားတဲ့ကား ၃ စီးမှာ စစ်အင်အားတဝက်ပါသွားတယ်ဗျ။ ကျန်အင်အားတဝက်လောက်ကတော့ မိုင်းကွင်းအနီးနားမှာ ရှိနေပါသေးတယ်။ ကား ၁ စီးကတော့ မိုင်းဆွဲတော့ ပျက်စီးသွားပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာခဲ့တဲ့အဲ့ဒီစစ်ကြောင်းဟာ ဖြတ်သန်းလာရာလမ်းတလျှောက် နတ်မောက်မြို့နယ်အတွင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းစတင်ဝင်ရောက်တဲ့ မေလ ၈ ရက်ကလည်း အဲ့ဒီစစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က နတ်မောက်မြို့နယ်အတွင်းမှာ ၃ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။