ဆောမှာ စစ်တပ်ကအင်အားထောင်ကျော်နဲ့ စစ်ကြောင်းထိုးလာ

0 1
0 1

ဆော၊ မေ ၁၃၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်ကအင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၂ ရက်ညနေပိုင်းမှာ ပေါက်မြို့နယ်၊ ကျောက်တံခါးရွာဘက်ကနေ တပ်မ ၉၉ က စစ်ကြောင်းမှူး ဗိုလ်မှူး သိုက်အောင်မောင်းဦးစီးတဲ့ အင်အား ၄၀၀ ပါစစ်ကြောင်းဟာ ဆောမြို့နယ်၊ ပုံတောင် တောင်ပေါ်ကိုတက်လာတဲ့အပြင် လောင်းရှည်အခြေစိုက် ကပစ ၂၅ က အင်အား ၇၀၀ ပါစစ်ကြောင်းကလည်း လောင်းရှည်မြို့ကတဆင့် ဆောမြို့နယ်၊ တောင်ဘို့ကြီးရွာကိုဝင်လာတာလို့ ဆိုပါတယ်။

“ဆောနယ်ထဲကိုရောက်နေတာက ၂ ကြောင်းပေါ့။ ပုံတောင်နဲ့ တောင်ဘိုကြီးရောက်နေကြပြီ။ မနေ့ညနေမှာ ပုံတောင်ဘက်ကို ကင်းထောက်ပြီးတော့မှာ ဒရုန်းနဲ့ဗုံး ၁၁ ကြိမ်ချသေးတယ် တောထဲကို၊ ကျောက်တံခါးအနောက်ဘက်မှာ ရွာမရှိတော့ဘူး။ ဒီမနက်မှာလည်း ကံကြီးရွာဘေးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ Y12 နဲ့ဗုံးကြဲသေးတယ်။ စစ်ကြောင်းထိုးနေတော့ လမ်းကြောင်းရှင်းတဲ့သဘော ဗုံးကြဲနေတာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုတွေအတွင်း ထိခိုက်မှုအခြေအနေတွေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

စစ်ကြောင်းတွေကြောင့် ကံကြီး၊ ချောင်းခွ၊ ပြင်လယ်၊ ကံချောင်း၊ ရေရှင်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ပြည်သူ ၁၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်း ၂ ကြောင်းဟာ မေလ ၁၃ ရက်အထိ တောင်ဘို့ကြီးနဲ့ ပုံတောင်အနီးတဝိုက်မှာပဲ ဆက်ရှိနေပြီး ပုံတောင်တဝိုက်ကစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြားမှာတော့ ထိတွေ့တိုက်ပွဲတွေ ရှိနေပြီး ထိခိုက်မှုအခြေအနေတွေကိုမသိရသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

တဖက်မှာလည်း မေလ ၁၂ ရက်မှာ စလင်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကလည်း စလင်း-ကံပြားလမ်းအတိုင်း စေတုတ္တရာ-ဆောလမ်းပိုင်းကတဆင့် လောင်းရှည်ဘက်ကိုဦးတည်ထွက်ခွာလာနေသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။