မုန်း၊ မေ ၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ မြေမြှုပ်မိုင်းထိလို့ ဆယ်ကျော်သက်မိန်းကလေး ၁ ဦး မျက်လုံးနဲ့ခြေထောက် ၁ ဖက်စီ ဆုံးရှုံးခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မိုင်းထိသူဟာ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မချယ်ရီလင်း ဖြစ်ပြီး မေလ ၂ ရက် မနက် ၉ နာရီခန့်မှာ ၆ ရပ်ကွက်အနောက်ကြောရှိ ဥယျာဥ်ခြံအတွင်း သီးနှံတွေဝယ်ဖို့သွားရောက်စဥ် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
“အမေနဲ့လိုက်သွားတာ။ ခြံထဲကို ၃ ယောက်သွားတာ။ ခြံရှင်ရယ်၊ အမေရယ်၊ သူရယ်။ ခြံ ၂ ခြံကြားမှာ (မိုင်း)ပေါက်တာ။ သူကအလယ်က၊ အမေကျော်သွားပြီးမှ မိုင်းကပေါက်တာ” လို့ မိသားစုနဲ့နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။
မိုင်းထိတာကြောင့် မချယ်ရီလင်းမှာ ခြေထောက်နဲ့မျက်လုံးတွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေအများအပြားရရှိခဲ့ပြီး တောင်ငူဆေးရုံမှာဆေးကုသမှုခံယူခဲ့ရကာ ရရှိဒဏ်ရာပြင်းထန်တာကြောင့် ညာဘက်ခြေထောက်ဖြတ်တောက်လိုက်ရသလို မျက်စိ ၁ လုံးကိုလည်း ထုတ်လိုက်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင်ကျန်ရှိနေတဲ့ မျက်လုံး ၁ လုံးကိုလည်း ခွဲစိတ်ထားရပြီး ပြန်ကောင်းလာဖို့မျှော်လင့်နေရသလို ဘယ်ခြေထောက် ၁ ချောင်းမှာလည်း မိုင်းအစဝင်ဒဏ်ရာအများအပြားရရှိထားပါတယ်။
မိုင်းထိပြီး ဆေးကုသနေရတဲ့ ကလေးငယ်အတွက် ဆေးဖိုးဝါခအချို့ကို အလှူရှင်အချို့ကလှူဒါန်းမှုတွေလည်းရှိနေပြီး ဆေးကုသစရိတ်ကြီးမာတာကြောင့် မိသားစုဝင်တွေအနေနဲ့ ငွေကြေးလိုအပ်မှုတွေတော့ရှိနေတယ်လို့ သိရပါတယ်။
မိုင်းထိတဲ့ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူကလည်း ၂၀၀၇ ခုနှစ်က မုန်းမြို့အနီး တောင်ပေါ်မှာ ဟင်းရွက်ခူးသွားချိန်မိုင်းထိလို့ မျက်စိ ၂ ဖက်ကွယ်ထားသလို ခြေထောက် ၁ ဖက်လည်း ဆုံးရှုံးထားတယ်လို့ ဆိုပါတယ်။
မုန်းမြို့အနီးဝန်းကျင်မှာ ၂ ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေကြောင့် ဒေသခံတွေအနေနဲ့ မြေမြှုပ်မိုင်းနင်းမိတဲ့ဖြစ်စဥ်တွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ဖြစ်ပေါ်နေတာပါ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေအိုးစင်ကျေးရွာအနီးမှာ ထင်းခုတ်သွားတဲ့အမျိုးသား မိုင်းထိလို့သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။