myaelatt athan

Sharing Information to the Local

ဘရာဇီးဖိုက်တာ နုတ်ထွက်သွားတာကြောင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီနဲ့ထိုးသတ်ရမယ့် ထွန်းမင်းအောင် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၄။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့ညမှာကျင်းပမယ့် ONE Friday Fights 88 မှာ ထွန်းမင်းအောင်ဟာ မော်ရိုကိုဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

ONE Friday Fights 88 မှာ ထွန်းမင်းအောင်နဲ့ ထိုးသတ်ဖို့ပွဲတည်ထားသူက ဘရာဇီးဖိုက်တာတဦးဖြစ်ပေမယ့် ပွဲထိုးခါနီးနှစ်ပတ်အလိုမှာနုတ်ထွက်သွားတာကြောင့် မော်ရိုကိုဖိုက်တာအက်ဘ်ဒလာလီဇာဟီဒီက အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ 

မော်ရိုကိုဖိုက်တာ ဇာဟီဒီဟာ အသက် ၂၅ နှစ်၊ အရပ် ၆ ပေ ၁ လက်မနဲ့ ထွန်းမင်းအောင်ထက် အရပ်၊ လက်တံပိုရှည်ကာ ဒေသဆိုင်ရာမွေထိုင်းပွဲတွေမှာ လှည့်လည်ထိုးသတ်နေတာကြာပြီဖြစ်ပြီး နိုင်ငံတကာမွေထိုင်းအဖွဲ့အစည်းများအဖွဲ့ချုပ် (IFMA)ရဲ့ ပြိုင်ပွဲတခုမှာ ဗိုလ်စွဲထားတာမကြာသေးပါဘူး။ 

မော်ရိုကိုနိုင်ငံရဲ့အကောင်းဆုံးလူငယ်လက်ဝှေ့သမားတွေထဲက တယောက်အဖြစ် သတ်မှတ်ထားခံထားရသူဖြစ်ပြီး ဒီပွဲဟာ သူ့အနေနဲ့  ONE နဲ့ပထမဆုံးလက်တွဲမယ့်ပွဲ ဖြစ်ပါတယ်။ 

ဒေသဆိုင်ရာမွေထိုင်းပွဲတွေမှာ လှည့်လည်ထိုးသတ်နေသူဖြစ်တာနဲ့အညီ နည်းစနစ်ပိုင်းကောင်းမွန်ပေမယ့် သူထိုးခဲ့တဲ့ပွဲတွေဟာ အကာအကွယ်အပြည့်အစုံ၊  လက်ဝှေ့အိတ်အထူကြီးတွေနဲ့ ထိုးသတ်ခဲ့ရတာများတာကြောင့် မာဂုဏ်နဲ့သက်လုံပိုင်းကတော့ အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ 

ထွန်းမင်းအောင်ကတော့ ဒီပွဲဟာသူ့အတွက် ONE မှာထိုးသတ်ရတဲ့ တတိယမြောက်ပွဲဖြစ်ပြီး အနိုင်ရရှိဖို့အတွက်ပြင်ဆင်မှုတွေ သေချာလုပ်ထားတာကို တွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ထိုးသတ်နေတဲ့ ဖိုက်တာဖြစ်တာကြောင့် ထွန်းမင်းအောင်ရဲ့မာဂုဏ်က မြင့်မားတာတွေ့ရပါတယ်။ 

ဘယ်သန်ကစားသမားဖြစ်တဲ့ ထွန်းမင်းအောင်ဟာ ထိုးလုံးထိုးပေါက်စုံအောင် ထိုးသတ်နိုင်ပြီး အားပါတဲ့အနိမ့်ကန်ချက်တွေနဲ့ ပြိုင်ဘက်ကိုဒုက္ခပေးတတ်ပါတယ်။ သူသတိပြုရမှာကတော့ အသာစီးရတဲ့အချိန်မှာ အလောတကြီးဝင်တတ်တာနဲ့ ပြိုင်ဘက်အထိနာမယ်ထင်တဲ့ ထိုးပေါက်ကို ထပ်ခါထပ်ခါသုံးတတ်တာကိုတော့ ပြိုင်ဘက်ရဲ့ကောင်တာမခံရအောင် သတိပြုရမှာဖြစ်ပါတယ်။ 

ONE Friday Fights 88 ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ဒီနေ့ည မြန်မာအချိန် ၇ နာရီမှာကျင်းပသွားမှာဖြစ်ပြီး ONE မှာ မြန်မာဖိုက်တာတွေရှုံးပွဲဆက်နေမှုကို ထွန်းမင်းအောင်တယောက် ရပ်တန့်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Photo – One Lumpinee FC

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။