ရွှေဘိုခရိုင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပြည်သူ ၁ ဦးသေဆုံး

0 9
0 9

ရွှေဘို၊ မေ ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေလ ၄ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေဘိုတောင်ဘက်မုခ်အနီးတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဗုံးတပ်ဆင်ထားတဲ့အသေခံဒရုန်း ၂ စီးကို ဝက်လက်မြို့နယ်၊ အုတ်ပုံရွာနဲ့ ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာစာသင်ကျောင်းတို့မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရေတော်မူစာသင်ကျောင်းထဲက ၁ စီးကျပြီး စာသင်ကျောင်းထဲရှိနေသူထိတာ။ နောက် ၁ စီးက အုတ်ပုံရွာထဲ နေအိမ်ချတာ သစ်ကိုင်းနဲ့တိုက်ပြီး စည်းရိုးတောင်မီးလောင်သွားသေးတယ်။ ဒရုန်းလာလို့ ဝပ်တာ။ အဲ့မှာမှန်တာ။ သေတာကအိမ်ရှင်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အုတ်ပုံရွာက အသက် ၄၀ ကျော်အမျိုးသား ၁ ဦးနေရာမှာတင်သေဆုံးခဲ့ပြီး ရေတော်မူရွာက အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆောင်နန်းကျေးရွာအနီး လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေ ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။