စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တွေပျက်စီး

0 0
0 0

စစ်ကိုင်း၊ မေ ၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ရေဦးမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာ‌ကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ရေဦးမြို့နယ်ပကဖပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။

ဧပြီ ၃၀ ရက် ညနေ ၃ နာရီကျော်မှာ ဒီပဲယင်းမြို့နယ်အရှေ့တောင်ဘက်ခြမ်း ဖုတ္တတောကျေးရွာအနီးကို ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁ ရက် ဒီမနက် ၁ နာရီ၀န်းကျင်မှာလည်း ဂျက်ဖိုက်တာ ၁ စီးက ရွှေဘိုမြို့နယ်၊ ဆောင်နန်းကျေးရွာအနီး ဒေသအခေါ် ဇင်ကြီးကုန်းကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“လူထိခိုက်တာမရှိဘူး။ တောတိုက်လေးတွေ။ လူလည်းမနေပါဘူး။ ဟိုတနေ့ကဖြစ်ပြီးကတည်းက ဘယ်သူမှမနေဘူး။ မကျေနပ်လို့ ဗုံးလာထပ်ကြဲတာနေမယ်။ “လို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ – ဗုံးကြဲမှု‌ကြောင့်ပျက်စီးခဲ့သည့် ဒီပဲယင်းမြိုနယ်၊ ဖုတ္တတောကျေးရွာမှ နေအိမ်တချို့။

အဆိုပါ ဗုံးကြဲမှုအတွင်း လူမနေတဲ့ တဲအိမ် ၂ လုံးပျက်စီးခဲ့ပြီး ဗုံးကျလို့ မြေကျင်းချိုင့်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်မနက် ၁၁ နာရီကျော်မှာလည်း ဂျက်ဖိုက်တာ ၁ စီးနဲ့တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်ကို ဗုံး ၃ ကြိမ်ကြဲခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

“ရေဦးနဲ့တန့်ဆည်ချုပ်စပ်နေရာလို့ပဲ ပြောလို့ရမယ်။ ရေဦးအနောက်ခြမ်းပေါ့။ ဗုံးကျတာက တောထဲတနေရာပါ။ လူတော့မထိဘူး။ အဆောက်အဦအပျက်စီးက မြေပြင်ဆင်းမကြည့်ရသေးတော့ အတည်မပြုနိုင်သေးဘူး”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၂၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆောင်နန်းကျေးရွာအနီး လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။