ပခုက္ကူ၊ ဧပြီ ၂၉၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီးမှာ စစ်ကြောင်းထဲကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးကို လက်နက်နဲ့အတူဖမ်းမိခဲ့တယ်လို့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဖမ်းမိသူဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်က အသက် ၃၂ နှစ်အရွယ် ဓနု (ခ) အောင်ငြိမ်းချမ်း ဆိုသူဖြစ်ပြီး ဧပြီ ၂၂ ရက်မနက် ၇ နာရီခန့်မှာ မကျီးကန်ကျေးရွာကိုစစ်ကြောင်းထိုးပြီး အင်ပင်ရွာကို ပြန်လာချိန် ထွက်ပြေးလာစဥ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“အင်ပင်အထိုင်ဂိတ်ကိုပြန်အဝင်မှာ ဒီကောင်က ဆေးကြောင်ကြောင်ပြီး ထွက်ပြေးလာတာ။ မြေပြင်ပြည်သူတွေက သတင်းပေးတာနဲ့ လိုက်လံရှာဖွေဖမ်းဆီးထားတာ။ ပြည်သူတွေက လှမ်းပြောတယ်။ စစ်သား ၁ ယောက်လက်နက်နဲ့ လျှောက်သွားနေတယ်ဆိုလို့ လိုက်ဖမ်းတာ။ သူကို အင်ပင်အရှေ့ဘက် မီတာ ၂၅၀ ခန့်တောထဲမိတာ။ သူ့ကိုမိတာလည်း ရုန်းရင်းဆန်ခတ်မဖြစ်ဘူး။ သူ့လူတွေထင်ပြီးလိုက်လာတာ”လို့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံထံက သိရပါတယ်။
အဆိုပါတပ်သားဟာ စစ်မှုထမ်းအပတ်စဥ် ၁၇ ဆင်းပြီးနောက် အင်ပင်ရွာမှာတာဝန်ကျနေတာဖြစ်ပြီး
လက်ရှိမှာတော့ စစ်သုံးပန်းဥပဒေအရထိန်းသိမ်းထားကာ ဖမ်းမိချိန်မှာ MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ကျည် ၆၅ တောင့်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးချက်အရ သူဟာ ပင်းတယမြို့ခံဖြစ်ပြီး ၂၀၂၅ စက်တင်ဘာလမှာ နေအိမ်မှာရှိနေချိန် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ဗထူးစစ်သင်တန်းကျောင်းကို ပို့ဆောင်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
သင်တန်း ၃ လခွဲတက်ရောက်ပြီးနောက် ပခုက္ကူ တပ်မ ၁၀၁ ကိုတာဝန်ကျချိန် ပုဂံ-ညောင်ဦးဘက် ရိက္ခာပို့ ၁ ကြိမ်သာ ရှေ့တန်းလိုက်ခဲ့ရပြီးနောက် ပခုက္ကူမြို့မီးသတ်ရုံး၊ စက်မှုဇုံဂိတ်တွေမှာ အစောင့်တာဝန်ကျခဲ့ကာ အဲ့ဒီကတဆင့် အင်ပင်ရွာတဝိုက်ကိုစစ်ကြောင်းထိုးရာမှာ လိုက်လာခဲ့သူဖြစ်လို့ သိရပါတယ်။
စာတည်း – လင်း