26 July 2026 8:00 PM

ပဲခူးနဲ့ကရင်ပြည်နယ်အစပ်ကို ဗုံးကြဲလို့ PDF တွေအပါ ၁၂ ဦးသေဆုံး

0 60
0 60

သံတောင်၊ ဧပြီ ၂၅၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာစည်ရွာနဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုံတောင်ရွာတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြာင်းကနေဗုံးကြဲခဲ့တာကြောင့် PDF တွေအပါအဝင် ၁၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက်မနက် ၉ နာရီခန့်ကစတင်ပြီး စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဥ်တွေအသုံးပြုပြီး သံတောင်ကြီးမြို့နယ်၊ ဘုံတောင်ရွာထဲအပြင် ဘုံတောင်ရွာနဲ့ သာစည်ရွာကြားကို ရော့ကတ်အလုံးရေ ၄၀ ကျော်၊ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

“ဘုံတောင်ကိုလည်း ကြဲတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကိုလည်း ကြဲတယ်။ ကြဲတာက ၁၁ ကြိမ်။ ကြဲတဲ့အချိန်အတွင်းမှာ ပြည်သူတွေကော ရဲဘော်တွေကောထိတယ်။ ရဲဘော်တွေက တိုက်ပွဲဧရိယာထဲ ဗုံးထိလို့ကျတာ။ ရွာထဲကျတာမှာ လူတွေထိုင်နေတဲ့နေအိမ်ပေါ်တည့်တည့်ကျတာ။ ပြည်သူတွေ ထိတာ”လို့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သာစည်နဲ့ဘုံတောင်ရွာအကြား ဗုံးကြဲချိန်မှာ နေပြည်တော် PDF တပ်ရင်း ၈၀၇ မှ တပ်ဖွဲ့ဝင် ၁ ဦး၊ သံတောင်မြောက်ပိုင်းတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပါတယ်။

ဘုံတောင်ကျေးရွာအတွင်း ဗုံးကြဲမှုမှာတော့ ကနဦးစာရင်းကောက်ယူထားနိုင်မှုအခြေအနေအရ အသက် ၆ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦးသေဆုံးခဲ့ပြီး အသက် ၃၀ ဝန်းကျင်အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင်နေအိမ် ၄၀ နီးပါးပျက်စီးပြီး အပျက်အစီးတွေအောက်မှာ နောက်ထပ်သေဆုံးသူတွေရှိနေနိုင်သေးသလို စစ်ကော်မရှင်စစ်ကြောင်းကလည်း ညနေပိုင်းမှာ ဘုံတောင်ကျေးရွာထဲကိုရောက်လာပြီး ဧပြီ ၂၅ ရက်ဒီမနက်ပိုင်းအထိ အဲ့ဒီမှာအထိုင်ချထားတာကြောင့် နယ်မြေမရှင်းနိုင်သေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက်ကတည်းက သံတောင်ဘက်နေ အင်အား ၆၀၀ ကျော်ပါစစ်ကြောင်းဟာ သာစည်၊ ဘုံတောင်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် လမ်းတလျှောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဧပြီ ၂၂ ရက်က လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်း အတွင်း တပ်စွဲထားတဲ့စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုးလာတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။