■ လာမယ့် ရက် ၁၀၀ အတွင်း PDF တွေရော EAO ပါ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင် ပြော
မြေလတ်အသံ၊ ဧပြီ ၂၁၊ ၂၀၂၆ ။
လာမယ့် ရက် ၁၀၀ အတွင်း PDF တွေရော EAO တွေပါ တွေ့ဆုံဆွေးနွေးကြဖို့ဖိတ်ခေါ်တယ်လို့ သမ္မတရာထူးယူထားသူ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဧပြီ ၂၀ ရက် ယမန်နေ့က နေပြည်တော်၊ သမ္မတရုံးမှာပြုလုပ်တဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။
” PDFနဲ့ပတ်သက်ပြီး PDF ကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အလင်းဝင်ဖို့ပြောထားတာရှိတယ်။ အခုလည်း အလင်းဝင်တာတွေအများကြီးရှိပါတယ်။ လပခ နယ်မြေတို့ တပခနယ်မြေတို့မှာ ဝင်ကြတာတော်တော်များတယ်၊ လပခ ပိုများတယ် ရာနဲ့ချီပြီးတော့ဝင်ကြတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ အဲ့တော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီး ငြိမ်းချမ်းရေးအတွက်လာကြပါ။ သူတို့နဲ့ပတ်သက်ပြီး ၂ ပိုင်းရှိပါတယ်၊ တပိုင်းကတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အဖွဲ့တွေရှိတယ်။ အဲ့တော့ ဖိတ်ခေါ်ပါတယ်၊ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ ရေးထိုးထားခြင်းမရှိတဲ့အဖွဲ့တွေရော ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးဖိုးအတွက် ဖိတ်ခေါ်ပါတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးယူချင်ပါတယ်” လို့ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က ပြောပါတယ်။
ဒါအပြင် PDF တွေ ပေါ်ပေါက်လာတာဟာ နိုင်ငံရဲ့ပညာရေးအားနည်းတာကြောင့်ဖြစ်လို့ ပညာရေးကဏ္ဍကို မြှင့်တင်မယ်လို့လည်း သူကဆိုပါတယ်။
” ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာတဲ့အခါ နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာတာကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ပေါ်ပေါက်ခဲ့ပြီး ၄င်းတို့အနေဖြင့် ထိုအချိန်အခါ ရွေးကောက်ပွဲရလာဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း” ဆိုကာ ပြောပါတယ်။
အဲ့ဒီလို ပညာရေးအားနည်းမှုကြောင့် နိုင်ငံရဲ့ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စိတ်နေစိတ်ထား (Mindset )ကို မြင့်မားလာအောင် ဆောင်ရွက်သွားကြဖို့ဆိုပြီးလည်း ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ရှမ်းပြည်နယ်ကလွဲရင် နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ် PDF၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုင်းစစ်ဌာနချုပ် ၂ ခုအထိ စစ်ရှုံးထားကာ ၁ ခုကိုတော့ တရုတ်နိုင်ငံအကူအညီနဲ့ ပြန်လည်ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းက တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်နေပေမယ့် အခုရက်ပိုင်းမှာပဲ စစ်ကော်မရှင်တပ်က စစ်ကိုင်းတိုင်းအတွင်း နေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေထိခိုက်သေဆုံးနေပြီး အများစုမှာလည်းလေကြောင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။