စစ်တပ်က ၃ ရက်ဆက်မီးဝင်ရှို့လို့ လည်ငေါက်ရွာက အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပျက်စီး

0 40
0 40

ယင်းမာပင်၊ ဧပြီ ၁၇၊ ၂၀၂‌‌၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းက ၃ ရက်ဆက် မီးဝင်ရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

ဧပြီ ၁၂ ရက်မနက် ၁၀ နာရီခန့်မှာ ပုလဲမြို့နယ်ဘက်ကနေ အင်အား ၁၇၀ ခန့်ပါတဲ့စစ်ကြောင်းဟာ လည်ငေါက်ရွာအနီးရောက်လာချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးနောက် ရွာထဲမှာအထိုင်ချပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“၁၂၊ ၁၄၊ ၁၅ သုံးရက်ဆက် ရှို့တာ။ ထိတွေ့မှုဖြစ်ပြီးတော့ တောက်လျှောက်ရှို့တာ။ စစ်ကြောင်းဝင်တော့မီးရှို့ခံရတဲ့ရွာကော အကုန်ပြေးရတယ်။ လေကြောင်းကြောင့် ၁၃ နှစ်သမီး ၁ ယောက်သေတာရှိသေးတယ်”လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

စစ်ကြောင်းဝင်လာပြီး တိုက်ပွဲဖြစ်ချိန်မှာ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၁ စီး၊ စက်တပ်လေထီး ၁ စီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လည်ငေါက်ရွာအနီး ငမောက်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းမီးရှို့လို့အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ လည်ငေါက်ရွာက နေအိမ် ၃၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကာ ဧပြီ ၁၅ ရက်ညနေပိုင်းမှာ စစ်ကြောင်းဟာ တမာပင်ဂွကျေးရွာကိုထွက်သွားပြီး ကျေးရွာထဲမှာ ညအိပ်ကာ နေအိမ် ၁ လုံးကို ထပ်မံမီးရှို့ခဲ့ပါသေးတယ်။

ဧပြီ ၁၆ ရက်မှာတော့ တမာပင်ဂွကျေးရွာကနေ ဆက်ထွက်ပြီး ဇီးတောတောင်ရွာမြောက်ရွာမှာ ဧပြီ ၁၇ ရက်အထိ အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်မီးရှို့နေတာကြောင့် အိမ်ခြေ ၃၀၀ ကနေ ၅၀၀ ကြားရှိတဲ့ လည်ငေါက်၊ တမာပင်ဂွ၊ ငမောက်၊ ဇီးတောတောင်ရွာ မြောက်ရွာ၊ ဇီးဖြူကုန်း၊ ပုပ္ပါကျေးရွာတွေအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရပြီး နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

မတ်လ ၂၅ ရက်ကလည်း ယင်းမာပင်မြို့နယ်၊ မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာတို့ကို စစ်ကြောင်းဝင်မီးရှို့လို့ အိမ်ခြေ ၂၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။