မြေလတ်အသံ၊ ဧပြီ ၁၁၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း မြိုင်နဲ့ပေါက်မြို့နယ်အတွင်းမှာ စက်သုံးဆီစျေး ၃ ဆနီးပါး မြင့်တက်လာတာကြောင့် စိုက်ပျိုးရေးလုပ်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ယခင် စက်သုံးဆီ ၁ လီတာ ၄,၅၀၀ ကျပ်ခန့်သာစျေးရှိခဲ့ရာကနေ ဧပြီလပထမအပတ်အတွင်းမှာ ၁ လီတာ ၁၇,၀၀၀ ကျပ်ထိစျေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
“အခုက နွေခေါင်ခေါင်ဖြစ်နေလို့ စိုက်ဖို့မရသေးပေမယ့် မိုးကျခါမှ ဆီစျေးတွေလျော့သွားရင်တော့ စိုက်ကောင်းစိုက်လိမ့်မယ်။ ဒီစျေးအတိုင်းဆို မစိုက်နိုင်ကြတော့ဘူး။ စိုက်ဖြစ်ရင်တောင် ဝမ်းစာလောက်ပဲ စိုက်ဖြစ်မှာ။ အခုက လူမှုဘဝအရမ်းခက်ခဲနေကြပြီ။ “လို့ မြိုင်ဒေသခံတောင်သူတဦးက ပြောပါတယ်။
စက်သုံးဆီအခက်ခဲမဖြစ်ခင်က ၁ ဧကစိုက်ပျိုးစရိတ် ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထက်ကုန်ကျစရိတ်ရှိနေပြီး ယခုစက်သုံးဆီစျေးနှုန်းအရဆိုပါက ကုန်ကျစရိတ် ၂ ဆကျော် တက်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲအခြေနေတွေကြောင့် တောင်သူတွေမကြာခဏ စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးရေးကိုသေချာမလုပ်နိုင်ကြဘဲ စိုက်ပျိုးထားပါကလည်း အချိန်မီမရိတ်သိမ်းနိုင်တာတွေကြောင့် နှစ်စဥ်အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
“တခါတလေစစ်ကြောင်းတွေထိုးလာရင် လုပ်လက်စအလုပ်တွေ ပစ်ထားရတော့ ဆုံးရှုံးတာတွေ အများကြီးကြုံရတယ်။ ဒါတောင်ဘာလို့လုပ်နေတာလဲဆိုရင် ဒါလေးလုပ်မှာပဲ နည်းနည်းပါးပါး စားသောက်ရဖို့လုပ်နေကြပေမယ့် အဆင်တော့ပြေမနေဘူး။ အဲ့လိုလုပ်နေတဲ့ကြားက အခုဆီစျေးတွေကလည်း အခုလိုတွေ ဖော်မပြနိုင်လောက်အောင်ဖြစ်လာတော့ မြွေပူရာကင်းမှောင့်ဆိုသလို ဖြစ်လာတာ” လို့အထက်ပါတောင်သူက ဆက်ပြောပါတယ်။
စက်သုံးဆီစျေးနှုန်းမြင့်တက်လာနေတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်လာသလို အခြားသယ်ယူပို့ဆောင်ရေးတွေမှာလည်း ပိုမိုခက်ခဲကြပ်တည်းလာကြတယ်လို့ ဆိုပါတယ်။
ဒေသတွင်းရေနံတွင်းတွေကနေထွက်ရှိတဲ့ ရေနံတွေက ရေတင်စက်၊ ထွန်စက်တွေမှာ ထည့်သွင်းအသုံးပြုလို့ရပြီး အဆိုပါ ရေနံတွေကလည်းတောင်သူတွေသုံးရတာမရှိဘဲ မြို့နယ်ကျော်ပြီး အဆင့်ဆင့်ဖြတ်သန်းသွားတာကြောင့် ဒေသတွင်းမှာ စက်သုံးဆီစျေးနှုန်းမြင့်တက်လာနေတာလို့ သိရပါတယ်။
မြိုင်နဲ့ပေါက်မြို့နယ်တို့မှာ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ပဲစင်းငုံ၊ နှံစားပြောင်းအများစုစိုက်ပျိုးကြပြီး စပါးနဲ့ကြက်သွန်တို့ကိုလည်း စိုက်ပျိုးကြတယ်လို့သိရပါတယ်။
စာတည်း – လင်း