ကာကွယ်ရေးတပ်တွေစိုးမိုးထားတဲ့ သဖန်းဆိပ်ဆည်နဲ့ အင်တိုင်းရွာကို စစ်တပ်ကပြန်သိမ်း

0 9
0 9

မြေလတ်အသံ၊ ဧပြီ ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်နဲ့ အင်တိုင်းရွာကို ပြန်ထိန်းချုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို မတ်လ ၂၈ ရက်မှာ စစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်ခဲ့ပြီး ဆည်နဲ့ မီတာ ၅ ထောင်အကွာ အင်တိုင်းရွာကိုတော့ ဧပြီ ၆ ရက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုထားပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကတော့ “ စကစ ဘက်ကတော့ အင်အားအလုံးအရင်းနဲ့ပြန်တိုးပြီးယူနိုင်သွားတယ်။ အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထပ်ထိုးနိုင်တယ်လို့တော့ သိရတယ်။” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်တွေဆီက လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ပုံနဲ့တကွဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဘက်ကသိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းနဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

သဖန်းဆိပ်ဆည်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကစတင်ကာ ဒေသခံကာကွယ်ရေးတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၃ လကျော်အကြာမှာ စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်ကိုအမှီပြုပြီး ပဲ၊ နှမ်း၊ စပါးတွေနဲ့ ရာသီပေါ်သီးနှံတွေစိုက်ပျိုးနေရတဲ့ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်းမြို့နယ်တွေက စိုက်ဧက ၅ သိန်းကျော်ရှိတယ်လို့ သဖန်းဆိပ်ဆည်နဲ့ပတ်သက်ပြီး ဆည်မြောင်းဦးစီးဌာနထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။