ရွှေဘို၊ ဆင်အင်းရွာဗုံးကြဲခံရပြီး သံဃာ ၁ ပါးအပါ ၂ ဦးသေဆုံး

0 4
0 4

ရွှေဘို၊ ဧပြီ ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာအနီးတောစပ်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက်မနက် ၁၁ နာရီခန့်မှာ ကျေးရွာအနီးတောစပ်မှာ ရွာခံတွေစုဖွဲ့နေထိုင်တဲ့နေရာကို စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၄ လုံးကြဲချခဲ့ရာ ၂ လုံးက ပဲခင်းထဲကျရောက်ပေါက်ကွဲပြီး ၂ လုံးက ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ရှောင်နေရာလည်း မဟုတ်ဘူး။ နဂိုကတည်းက ရွာခံတွေက တောတက်လုပ်စားတဲ့သူတွေစုနေတဲ့ နေရာပေါ့နော်။ နွားတွေဘာတွေ မွေးနေကြတယ်။ ဟိုတုန်းကတည်းက နေတဲ့ တဲတွေပါ။ ဘုန်းကြီးကလည်း တောထဲမှာနေတာကြာပြီ။ စစ်ရှောင်စခန်းလည်းမဟုတ်ဘဲနဲ့ လာကြဲတာ ဘုန်းကြီးလည်းပျံလွန်တော်မူသွားတယ်”လို့ ရွာခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲထိမှန်လို့ သက်တော် ၄၀ ကျော်အရွယ် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ဘုန်းကြီးအတွက် ဝေယျာဝစ္စလုပ်ကိုင်ပေးနေသူ အသက် ၆၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အသက် ၂၀ ကျော်အရွယ် လူငယ် ၃ ဦး၊ အသက် ၄၀ ဝန်းကျင် အမျိုးသား ၄ ဦးနဲ့ အသက် ၂၀ ကနေ ၃၀ အကြား အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရတဲ့နေရာဝန်းကျင်မှာ တဲအရေအတွက် ၁၅ တဲနဲ့ ဘုန်းကြီးကျောင်းသာရှိပြီး ဗုံးကြဲမှုအတွင်း ဘုန်းကြီးကျောင်းနဲ့တဲအချို့ပျက်စီးခဲ့ကာ တဲစုမှာနေထိုင်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ပြည်သူ ၃ ဦးသေပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။