နတ်တလင်းမှာ စစ်ကြောင်းထိုးပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ဒေသခံ‌ထောင်ချီတိမ်းရှောင်နေရ

0 7
0 7

နတ်တလင်း၊ ဧပြီ ၇၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲကရွာတွေကို စစ်ကော်မရှင်စစ်ကြောင်းက ပစ်ခတ်စစ်ကြောင်းထိုးတာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေစစ်ဘေးရှောင်နေရတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ဧပြီ ၅ ရက်မနက် ၅ နာရီခန့်မှာ နတ်တလင်းမြို့ဘက်ကနေ အင်အား ၁၀၀ နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်‌ကြောင်းဟာ ကန်သာယာရွာကို ရောက်လာပြီး ပိတ်မိနေခဲ့တဲ့ ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ပြီးနောက် ၃ ဖာလုံကွာတဲ့ ပဲမခမ်းရွာကို လက်နက်ကြီးအလုံးရေ ၄၀ ကျော်၊ ဒရုန်းနဲ့ဗုံးသီး ၁၀ လုံးကျော်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဧပြီ ၆ ရက်မနက် ၇ နာရီခန့်မှာ ပဲမခမ်းရွာဘက်ကိုစစ်ကြောင်စထိုးလာချိန် လမ်းပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးနောက် ကန်သာယာရွာထဲကို ပြန်ဆုတ်သွားပြီး မနက် ၁၁ နာရီခန့်မှာစက်တပ်လေထီး၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပဲမခမ်းရွာထဲကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

“၆ ရက်နေ့ ပဲမခမ်းကိုတက်လာတော့ ပဲမခမ်းအထိုင်ချ တော်လှန်ရေးအဖွဲ့တွေပစ်တော့ သူတို့အထိနာတယ်။ အထိနာတော့ ပဲမခမ်းကိုပါရာမိုတာ ၃ စီးနဲ့ကို ၁၂၀ ဗုံးသီး ၉ လုံးချတယ်။ ဒရုန်းတွေနဲ့ချတယ်။ နေ့ခင်းကြောလောက်တော့ ပဲမခမ်းထဲကိုဝင်လိုက်တယ်။ လက်နက်ကြီးတွေပစ်တယ်။ ရွာသားတွေကတော့ပြေးနေရတယ်”လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦး ကပြောပါတယ်။

ပဲမခမ်းရွာထဲကို စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ဗုံးချစဥ် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၃၀ အရွယ်နဲ့၄၀ ကြား အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ သေဆုံးအမျိုးသမီး ၂ ဦးရဲ့အလောင်းကိုတော့ ဧပြီလ ၇ ရက်မနက်ပိုင်းထိ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ ဓပြီ ၇ ရက် ဒီမနက်ပိုင်းအထိ ပဲမခမ်းရွာထဲမှာ တပ်စွဲထားပြီး တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်သေဆုံးအခြေအနေနဲ့ ကန်သာယာက စစ်ကြောင်းကဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀ ကျော်ရဲ့အခြေနေကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်နေတာကြောင့် ကန်သာယာ၊ ပဲမခမ်း၊ ညောင်ဝိုင်း၊ စံကြီးလောင့်၊ ကျောက်စွယ်၊ ကျောက်ခွက်၊ သရက်ပုဂံရိုး၊ ကျွန်းလေပင်၊ ဆည်းကန်၊ ထန်းတော၊ အိုးဖိုကုန်း၊ ရေနံကုန်း၊ လယ်မအင်း၊ ဘန့်ဘွေးကုန်း၊ ရှားစေးဖို၊ ချောင်းကမ်းကြီး၊ သာယာကုန်း ၊ ညောင်ဝိုင်းကျေးရွာရှိ ပြည်သူ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရပါတယ်။

မတ်လ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ဖလံပင်ကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။