ဆော၊ ဧပြီ ၆၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုသတ်ဖြတ်ပြီး အလောင်းဖျောက်သူကို NUG တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ယောအလင်းတန်းတာဝန်ခံ ကိုဘကောင်းဆီက သိရပါတယ်။
ဧပြီ ၂ ရက်မှာ ဆောမြို့နယ်တရားရုံးကနေ ပြစ်မှုကျူးလွန်ထားသူ အသက် ၂၁ နှစ်အရွယ် ကိုမင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ရာဇသတ်ကြီးဥပဒေ ၃၀၂(၁)(ဂ)အရ သေဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“သူကိုတရားစွဲတင်ထားတဲ့ ပုဒ်မတွေနဲ့ပဲ အမိန့်ချလိုက်တာ။ ကျနော်တို့ဆီက ၁ ယောက်က တရားရုံးထိသွားပြီး အမှုအခြေအနေကိုနားထောင်ခဲ့တယ်။ ကျနော်တို့သိထားရတာက သေဒဏ်ချမှတ်တာတခုပဲ”လို့ ကိုဘကောင်းက ပြောပါတယ်။
သေဒဏ်ချမှတ်ပြီးနောက်မှာ တရားခံဘက်က ၃၈ ရက်အတွင်း ပြည်ထောင်စုတရားသူကြီးထံ အယူခံတင်သွင်းနိင်ပြီး အယူခံပယ်ခံရပါက သေဒဏ်စီရင်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
“၃၈ ရက်အတွင်းမှာ အပေါ်ကိုတင်ပြီးတော့ ခွင့်ပြုချက်ယူတဲ့သဘောပေါ့။ ပြည်ထောင်စု တရားသူကြီးထံတင်ပြီး ဘာမှမရှိရင်တော့ အဲဒီရက်အတွင်းအပြီး စီရင်မယ့်သဘောရှိတယ်။ ဘယ်လိုစီရင်မလဲတော့ မသိရသေးဘူး။ မိသားစုဘက်ကလည်း အယူခံမဝင်လောက်ဘူးထင်တယ်။ အမိန့်ချတဲ့နေ့ကတောင် သူ့မိသားစုတွေလာတာ မတွေ့ရဘူး”လို့ ကိုဘကောင်းက ဆက်ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ မင်းမင်းစိုးကိုတော့လတ်တလောမှာ ဆောမြို့နယ်ပလဖအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာ ၂၁ ရက်မှာ ဆောမြို့၊ သီရိရတနာရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ်ရှိ မ—ကို တရပ်ကွက်တည်းနေ မိသားစုလိုက်ရင်းနှီးမှုရှိနေသူ မင်းမင်းစိုးက နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခဲ့ရာမှ ပျောက်ဆုံးနေခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်မှာ ဆောမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ယာတခုရဲ့ အခန်းတွင်းတနေရာမှာ မ —-ရဲ့အလောင်းကို မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
အဲ့ဒီနေ့မှာပဲ မင်းမင်းစိုးကို သူပုန်းအောင်းနေတဲ့နေရာကနေ မြို့နယ်ပလဖအဖွဲ့တွေက ဖမ်းမိခဲ့ပြီးနောက် စစ်ဆေးခဲ့ရာမှာ အဓမ္မပြုကျင့်ပြီး လူသတ်အလောင်းဖျောက်ထားတာကို ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ၊၃၀၂၊ ၂၀၁ အရ စွဲချက်တင်ပြီး ဆောမြို့နယ်တရားရုံးမှာ အမှုစစ်ဆေးနေခဲ့ရာ ၅ လကျော်အကြာမှာ အမိန့်ချနိုင်ခဲ့တာလို့ သိရပါတယ်။
၂၀၂၅ အောက်တိုဘာ ၂၆ ရက်ကလည်း ဆောမြို့ရှိဒေသခံတွေဟာ သက်ငယ်မုဒိန်း၊ လူသတ်၊ အလောင်းဖျောက်မှုကျူးလွန်ခဲ့တဲ့ မင်းမင်းစိုး ကို သေဒဏ်ချမှတ်ပေးဖို့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း