ဝက်လက်၊ ဧပြီ ၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်တောင်ခြမ်းမှာ သဖန်းဆိပ်ဆည်ရေမရတာကြောင့် လယ်ဧက ၄,၀၀၀ ကျော် စိုက်ပျိုးရေးမလုပ်နိုင်ဘူးလို့ တောင်သူတွေဆီက သိရပါတယ်။
ဆည်နဲ့နီးတဲ့နေရာအချို့မှာ စိုက်ပျိုးရေးလုပ်နိုင်ပေမယ့် ဆည်နဲ့ဝေးတဲ့ အနောက်တောင်ခြမ်းရှိ ကျေးရွာပေါင်း ၂၄ ရွာက လယ်မြေတွေမှာ စိုက်ပျိုးရေးမလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ဘာမှမစိုက်ဖြစ်ဘူး။ အထက်ပိုင်း(သဖန်းဆိပ်ဆည်)မှာ တိုက်ပွဲဖြစ်နေတော့ ကျနော်တို့ဘက်မှာ ကျွဲရေလည်းမရဘူး။ နွားရေလည်းမရဘူး။ တနယ်လုံး မစိုက်နိုင်တာမဟုတ်ဘူး။ အရင်းတွေ(ဆည်နဲ့နီးတဲ့နေရာ)က စိုက်တယ်၊ အဖျားတွေ(ဆည်နဲ့ဝေးတဲ့နေရာ)က မစိုက်ရဘူး။ ကျနော်တို့က အနောက်တောင်ဖျား ဆိုတော့ မရဘူး။ အချို့ရွာတွေကလည်း လူမနေရတဲ့ နေရာတွေရှိတော့ မစိုက်နိုင်ကြဘူး။ ဒီအတိုင်းပဲ ပစ်ထားရတာ”လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
စိုက်ပျိုးရေးမလုပ်နိုင်တာကြောင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြပြီး ငွေကြေးမပြည့်စုံတဲ့ တောင်သူတွေဟာ ငွေကြေးပြည့်စုံသူတွေဆီက သီးတိုးချေးငွေယူနေရတယ်လို့ ဆိုပါတယ်။
“အခက်တွေကြုံတာပေါ့။ ရင်းနှီးသူတွေက အတိုးယူစားရတာပေါ့။ တနေ့လုပ်တနေ့စားတွေလည်း ကြွက်ထောင်ကြွက်ထိုး လုပ်စားနေကြရတာ။ တောင်သူတွေမဆူဖြိုးတော့ ကူလီတွေက ပိုဆိုးတာပေါ့။”လို့ အထက်ပါတောင်သူက ဆက်ပြောပါတယ်။
ယခုနှစ်အတွင်း စပါးနဲ့ ပဲတွေ မစိုက်ပျိုးနိုင်တာကြောင့် ဒေသခံတွေအစားများတဲ့ ဧရာမင်းဆန်စျေးနှုန်း မှာလည်း ယခင်နှစ်က ၂၄ ပြည်ဝင်ဆန် ၁ အိတ် ၁ သိန်းကျပ်ကနေ ယခုနှစ်မှာ ကျပ် ၁ သိန်း ၄ သောင်း ထိစျေးတက်လာပြီး ပဲမျိုးစုံမှာလည်း ၁ တင်းကို ပဲအမျိုးအစားအလိုက်ကျပ် ၃ သောင်း ခန့် မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆည်ရေလာမယ်လို့တွက်ဆပြီးစိုက်ပျိုးထားကြတဲ့ ပဲနှမ်းဧက ရာချီဟာလည်း ရေမရတာကြောင့် ၁ ဧကကို ကျပ် ၁၀ သိန်းကျော် ဆုံးရှုံးနစ်နာကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘိုစခန်းအပါအဝင် ကျွန်းလှသဖန်းဆိပ်ဆည်အနီး တဝိုက်က စစ်ကော်မရှင်နဲ့ပြည်သူ့စစ်စခန်းအချို့ကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ပြီး ဆည်ဝန်ထမ်း Non-CDM တွေကိုပါ ထိန်းသိမ်းလိုက်ပြီးနောက် ဆည်ရေပေးဝေမှု အခြေအနေကိုပါ တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားခဲ့တာလို့ အခြေနေကိုသိထားတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ဖြေဆိုခဲ့ပါတယ်။
အဲ့ဒီနောက် မတ်လ ၂၉ ရက်မှာတော့သဖန်းဆိပ်ဆည်ကို စစ်ကော်မရှင်တပ်တွေက ပြန်လည်ထိန်းချုပ်သွားနိုင်ပြီး တော်လှန်ရေးအဖွဲ့တွေက ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။
သဖန်းဆိပ်ဆည်ကိုအမှီပြုပြီး ပဲ၊ နှမ်း၊ စပါးတွေနဲ့ ရာသီပေါ်သီးနှံတွေစိုက်ပျိုးနေရတဲ့ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်းမြို့နယ်တွေက စိုက်ဧက ၅ သိန်းကျော်ရှိတယ်လို့ သဖန်းဆိပ်ဆည်နဲ့ပတ်သက်ပြီး ဆည်းမြောင်းဦးစီးဌာနထုတ်ပြန်ထားချက်တွေ အရ သိရပါတယ်။
စာတည်း – လင်း