တန့်ဆည်၊ မတ် ၃၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ တန့်ဆည်ရဲစခန်းအချုပ်အတွင်းမှာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက် – PPNM က မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားသူဟာ စစ်ကော်မရှင်ရဲ့ နမခ တပ်မှ ပုဒ်မ ၅၀၅(က)၊ ၅၀(ည)၊ ၅၂(က) တိုနဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်ခံထားရတဲ့ အသက် ၅၄ နှစ်အရွယ် မသက်သက်မာဖြစ်ပြီး မတ်လ ၂၇ ရက်မနက်အစောပိုင်းမှာ ရဲစခန်းအချုပ်အတွင်းသေဆုံးတာလို့ ဆိုပါတယ်။
“သူက အဖမ်းမခံရခင်ကတည်းက သွေးလေးဘက်နာရောဂါ ခံစားနေရသူဖြစ်တယ်။ အချုပ်ကိုရောက်တဲ့အချိန်မှာ ဆေးကုသခွင့်မရပါဘူး။ အချုပ်ဖြစ်လို့ ဆေးရုံဆေးခန်းပြဖို့ဆိုတာထက် ဆေးဝယ်သောက်ဖို့တောင် ရဲအကူအညီနဲ့သောက်နေရတာ။ ရောဂါပြင်းထန်နေချိန် ပြင်ပဆေးကုသခွင့်ရဖို့တောင်းဆိုခဲ့ပေမယ့်လည်း ဆေးကုသခွင့်မရလို့ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတာ။ “လို့ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
မသက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ ဇနီးဖြစ်ပြီး ၂၀၂၃ မေလ ၁၃ ရက်မှာ ကိုရန်ငြိမ်းသူကို စစ်ကော်မရှင်အဖွဲ့တွေက နေအိမ်မှာလာဖမ်းချိန် မမိတာကြောင့် သားဖြစ်သူနဲ့အတူ မသက်သက်မာကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်ခံခဲ့ရပြီး တန့်ဆည်ရဲစခန်းအချုပ်ထဲမှာ နေထိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
ထောင်ကျသူတွေကို ရွှေဘိုထောင်ကိုပို့ဆောင်ရမှာဖြစ်ပေမယ့် ထောင်ကိုအကျဉ်းသားတွေ ပြောင်းရွှေ့ရင် လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်၊ လုယက်ခံရမှာကို စိုးရိမ်တာကြောင့် ထောင်မပြောင်းရွှေ့ဘဲ တန့်ဆည်အချုပ်မှာပဲ ထားရှိခဲ့တာလို့ PPNM က ဖော်ပြပါတယ်။
PPNM အနေနဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ဆေးကုသခွင့် ပိတ်ပင်မှုနဲ့ ဓားစာခံအဖြစ်ဖမ်းဆီးမှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး၊ တရားမျှတမှုရရှိစေဖို့နဲ့ ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာက အလေးထား စောင့်ကြည့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
စာတည်း – လင်း