မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၆။
၈ ရက်အတွင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲ ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ၁၄ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီအရေအတွက်ဟာ မတ် ၁၁ ရက်ကနေ မတ် ၁၈ ရက်အတွင်း မြေလတ်အသံက လက်လှမ်းမီသလောက် တင်ပြခဲ့တဲ့သတင်းတွေကတဆင့် ပြန်လည်စုစည်းထားတဲ့ အရေအတွက်ဖြစ်ပါတယ်။
သေဆုံးသူတွေမှာ အသက် ၉ နှစ်ကနေ ၅၀ နှစ်အရွယ်ကြားဖြစ်ပြီး အမျိုးသမီးနဲ့ PDF တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပါတယ်။
မတ်လ ၁၁ ရက်နေ့လယ် ၁၂ နာရီ မိနစ် ၄၀ မှာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေရှိ အင်းဗလာရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၂၀ ကနေ ၆၀ ကြား အမျိုးသား၊အမျိုးသမီး ၆ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပါတယ်။
မတ်လ ၁၂ ရက် မနက် ၉ နာရီခွဲမှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျေးရွာ ၁ ရွာကို စစ်ကော်မရှင်ရဲ့ စစ်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် PDF ၁ ဦးအပါ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီနေ့ မနက် ၉ နာရီခန့်မှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၇ မိုင်အကွာ ဖိုလ်ဝင်တောင်ဘုရားမုခ်ဝ အနီး စစ်တပ်လေထီး ၂ စီးနဲ့ ဗုံး ၂ လုံးကြဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ခရီးသွားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အဲ့ဒီနေရာအနီးရှိနေတဲ့ အသက် ၂၀ အရွယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င် ၁ ဦးတို့ သေဆုံးခဲ့ပြီး ခရီးသွား ၅ ဦးနဲ့ PDF အဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် မတ် ၁၆ ရက်မနက် ၁၀ နာရီခန့်မှာလည်း စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပန်းတိမ်ကုန်းနဲ့ ရေရှင်ရွာကြားက စစ်ရှောင်တွေနေထိုင်တဲ့ တဲတိုက်ပေါ်ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။
အလားတူ မတ် ၁၆ ရက်နေ့လယ် ၁ နာရီခန့်မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူဒေသ၊ ကံရွာအနောက်ဘက်တောစပ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကံရွာကျေးရွာကနေ စစ်ဘေးလာရှောင်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးနဲ့ အသက် ၁၃ နှစ်အရွယ် သမီးအငယ်ဆုံးတို့ နေရာမှာပဲသေဆုံးပြီး အသက် ၂၀ အရွယ် သမီးကြီးက ခြေထောက်ပြတ်သွားသလို ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မတ် ၁၈ ရက်နေ့လယ် ၂ နာရီခန့်မှာလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘရွာနဲ့ မြောက်ချွန်းရွာကြားရှိ ချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ ရွှေမျောတွေကို လေကြောင်းကဗုံးကြဲခဲ့တာကြောင့် ရွှေမျောဖောင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးနေရာမှာသေဆုံးပြီး အသက် ၂၀ က နေ ၃၀ ကြားအမျိုးသား ၃ ဦး ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။
အထက်ပါဒေသတွေမှာ စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းထိုး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုပါလုပ်နေတာကြောင့် ဒေသခံတွေလည်းဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆၊ မတ်လ ၁၉ ရက်ထိ စစ်ကော်မရှင်နဲ့ ၎င်းရဲ့လက်အောက်ခံတွေ ကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၇,၉၃၆ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။