တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မှုတ်ရှည်အုပ်စု၊ ညောင်လေးပင်ရွာ အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီ ၂၁ ရက်နေ့လယ်ပိုင်းမှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဆန်းဝင်းဖြစ်ပြီး နေ့လယ် ၁ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခံရတာ၊ ဦးခေါင်းချည်းပဲ ၄/၅ ချက်လောက်ပစ်သွားတာ၊ မီတာကြေးတွေ အဆမတန်ကောက်တယ်၊ စစ်မှုထမ်းကြေးတွေ ပုံမှန်ဆိုရင် ၁ သောင်း၊ ၂ သောင်းရှိတာကို သူက အိမ်တွေကို ကြည့်ပြီးတော့ ၅ သောင်း၊ ၁ သိန်း၊ ၂ သိန်းဆိုပြီး ခွဲတမ်းချပြီး ကောက်တာ၊ သူ့ကို PDF တွေ(ဆီ)တိုင်ရင်လည်း တရွာလုံးကို ပြာကျအောင်လုပ်မယ်လို့ ကြွေးကြော်ထားတာ”လို့ ညောင်လေးပင် ရွာခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် အလောင်းကို နေ့လယ် ၂ နာရီဝန်းကျင်မှာ တောင်တွင်းကြီးနယ်မြေခံရဲစခန်းက ရဲတပ်သား ၁၀ ဦးကျော်လောက်က လာသယ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးဆန်းဝင်း ကိုပစ်ခတ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိုးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲမှာပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း